မေ၊ ၁၃
လပေါင်း အတော်ကြာအောင် အောက်စည်းကနေ ခုခံနေရတဲ့နောက် ဘက်ခ်မတ် စစ်ပွဲမှာ တိုက်စစ်ဆင်ပြီး နယ်မြေတ ချို့ ပြန်လည် သိမ်းပိုက်လာနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သတ္တုတွင်းလုပ်ငန်းတွေ ထွန်းကားခဲ့ဖူးရာ မြို့လေးကို သိမ်းပိုက်နိုင်ဖို့ ရုရှားတပ်တွေက မနှစ်ကတည်းက စတင်ပြီး ဝန်းရံ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း ခုခံရေး တပ်တွေဟာ မြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို လက်လွှတ်လိုက်ရပေမယ့် အဓိက ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကြီးကို ဆက်ထိန်းထားခဲ့သလို မြို့တခုလုံး ရန်သူ့လက် ပါမသွားအောင် ကာကွယ်ထားဆဲပါ။
မေလ ၁၂ ရက်မှာတော့ ယူကရိန်း တပ်တွေဟာ သူတို့ဟာ တပတ်အတွင်း ရုရှား ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေထဲ ၂ ကီလိုမီတာလောက် ရှေ့ပြန်တိုးပြီး နယ်မြေတွေ သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအကျယ်အဝန်းဟာ ပြောပလောက်အောင် မဟုတ်ပေမယ့် လပေါင်း အတော်များများအတွင်း ယူကရိန်းဖက်က ပထမဆုံး အသာစီး ပြန်ယူလာနိုင်မှုလည်း ဖြစ်ပါတယ်။
တဖက်မှာ ဘက်ခ်မတ် စစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေတဲ့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerဟာ ရုရှား ကာကွယ်ရေး ဦးစီးဌာနနဲ့ ဆက်ဆံရေး ပြိုကွဲမှုတွေ လူသိရှင်ကြား ဖြစ်ပေါ်နေတာကြောင့် ယူကရိန်းရဲ့ အခုလို စစ်ရေး အသာစီး ပြန်ပြလာမှုဟာ ရုရှားကို စိတ်ဓာတ်ရေးရာ အရပါ ထိုးနှက်လာမယ့် သဘောပါပဲ။
ရုရှားက ဘက်ခ်မတ်မှာ ယူကရိန်း အခြေအနေ ပြန်ကောင်းလာတယ် ဆိုတာကို ငြင်းဆိုထားပေမယ့် ယူကရိန်း စစ်တပ်ကတော့ တိုက်ပွဲရဲ့ လားရာဟာ အပြောင်းအလဲတွေ ရှိလာပြီလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး စောင့်ကြည့် ခံနေရတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြီးတခု ဘက်ခ်မတ်ကနေ အစပြုလာမယ့် အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။
ဘက်ခ်မတ်ဟာ ရုရှားတပ်တွေ ထိန်းချုပ်ထားရာ အနီးဆုံး ယူကရိန်းနယ်မြေနဲ့ ကီလိုမီတာ ၉၀ လောက် အကွာမှာ တည်ရှိနေပါတယ်။ အခုသီတင်းပတ်ကုန်မှာ မြို့ထဲက မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ အူထွက်နေတာကို မျက်မြင် အတည်ပြုနိုင်ပေမယ့် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
စစ်ရေး သုတေသီတွေက ဘက်ခ်မတ်ဟာ မဟာဗျူဟာ ရှုထောင့်က ချဉ်းကပ်ရင် တန်ဖိုး သိပ်မရှိဘူးလို့ သုံးသပ်ထားပေမယ့် မြို့ခံတပ်တွေရဲ့ ကျားကုတ်ကျားခဲ ခုခံမှုနဲ့အတူ ယူကရိန်း စစ်ပွဲရဲ့ အရေးအပါဆုံး သင်္ကေတ တခုလည်း ဖြစ်လာခဲ့ပါတယ်။
Ref: BBC