မေ၊ ၁၂
ရှမ်းပြည်နယ်၊ ရွာငံနဲ့ သာအစည်နယ်စပ်က ကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ပြန်လည်အခြေချနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီက မေလ ၅ ရက်ကစတင် စစ်ကြောင်းထိုးပြီး နောက်ရက်တွေမှာနေအိမ် ၁၅ လုံးထက် မနည်းကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
. “နောက်ဆုံး သိရတာကတော့ PDF တချို့ပြန် ခိုအောင်းနေတာရှိလို့ စကစက စစ်ကြောင်းထိုးတာ။ အင်အားက တော့ ၇၀ ကျော်လောက်ရှိတယ်တဲ့ဗျ။ တပ်ကတော့အတိအကျမသိရဘူးဗျ။ ကလောတပ်ဖြစ်ဖို့ များတယ်။အဲဒီမှာ အဖမ်းခံရတာတွေရှိတယ်။ ထွက်ပြေးတာတွေရှိပြီး ရှုပ်ထွေးနေတော့ အတည်ပြုဖိုခက်နေတယ်”လို့ ရွာငံဒေသခံတဦးက ပြောပါတယ်။
ရွာငံနဲ့ သာစည်နယ်စပ်တွေက ကျေးရွာတွေကို စစ်ကောင်စီက အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုး နေခဲ့တာဖြစ်ပြီး သာစည်မြို့နယ်ထဲက မျက်ခါးအင်းကျေးရွာက နေအိမ် ၁၀ လုံးကျော်နဲ့ အိမ်ခြေငါးဆယ်ခန့်သာရှိတဲ့ ကျောက်ပချုပ်ကျေးရွာက နေအိမ်ငါးလုံးထက်မနည်းကို မီးရှို့ဖျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့တာကြောင့် ဒေသခံတွေထွက်ပြေးနေရတယ်လို့ ပြောကြပေမယ့် အရေအတွက်ဘယ်လောက်ဆိုတာတော့ တိတိကျကျမသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောကြ ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ စစ်ကောင်စီတပ်က အဲဒီဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပြီး ပတ်ဝန်းကျင်က ကျေးရွာတွေ မီးရှို့ဖျက်စီးခံခဲ့တဲ့အတွက် အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း ကရင်နီပြည်နယ်နဲ့ ရှမ်းကယားနယ်စပ်ဘက်တွေကို ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုရွှေ့ပြောင်းသွားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ အခုအချိန်မှာ ရှမ်းပြည်နယ်၊ ရွာငံနဲ သာစည်နယ်စပ်က ကျေးရွာတွေမှာ ပြန်လည်အခြေချဖို့ပြန်လည်ကြိုးစားတယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီဟာ စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေကပြောပါတယ်။
ဒေသကာကွယ်ရေးတပ်တွေအဲဒီဒေသမှာ အမှန်တကယ် ပြန်လည်အခြေဖို့ကြိုးစားတာ ဟုတ်၊ မဟုတ်တော့ DNA က သတင်းဌာနအနေနဲ့ သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်တွေဆီက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။
စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၇ ရက်ကလည်း ကျောက်ပချုပ်ရွာသား (၁၀) ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးနေပေမယ့် ဒီနေ့အထိ ပြန်လွတ်၊ မလွတ်ကို မသိရသေးဘူးလို့ လည်းဒေသခံတွေရဲ့ ပြောဆိုချက် အရသိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်တွေထဲ ဝင်ရောက်ပြီး ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆက်လက်ပြောကြား ကြပါတယ်။
မေလ ၅ ရက်ကတည်းက စစ်ကောင်စီစစ်ကြောင်းဟာ ရွာငံမြို့နယ် တောင်ပိုင်း နန်းခုံ၊ လွှစင်၊ သာစည်နယ်စပ်က ငှက်ပျောတော့နဲ့ ကုန်းပေါ်ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့လို့ ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။
ရွာငံနဲ့ သာစည်မြို့နယ် အစပ်က မျက်ခါးအင်းကျေးရွာနဲ့ ကျောက်ပချုပ်ကျေးရွာတွေဟာ သွားလမ်းဆက်သွယ်ရေး ခက်ခဲသလို ဝေးလံခေါင်းသီတဲ့ ဒေသဖြစ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်အာဏာသိမ်းပြီးနောက် လှုပ်ရှားရှင်သန်ရာ ဒေသဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီအာဏာသိမ်းချိန်ကနေ စစ်ကောင်စီဟာ တနိုင်ငံလုံးက နေအိမ်ပေါင်း ခြောက်သောင်းကျော်ကို မီးရှို့ဖျက်စီးခဲ့ပြီး ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရှိလာတယ်လို့ သုနေသတအဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။