မေ၊ ၁၂
တန်းဆင်းရမှာကို ကြောက်ရွံ့တဲ့ စိုးရိမ်စိတ်ဟာ လိဒ်စ်ယူနိုက်တက်အတွက် အဓိက စိတ်ဓာတ်ရေးရာ မောင်းနှင်အား ဖြစ်လာဖို့ လိုတယ်လို့ မန်နေဂျာသစ် ဆမ်အလာဒိုက်စ်က ပြောကြားလိုက်ပါတယ်။
တချိန်က အင်္ဂလန်မှာ အတော်လေး ခြေစွမ်းထက်တဲ့ အသင်းကောင်းတခု ဖြစ်ခဲ့ဖူးပေမယ့် အခုအခါမှာတော့ လိဒ်စ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းရနိုင်တဲ့ ခြိမ်းခြောက်မှုနဲ့ လက်တွေ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း အသင်း ဘုတ်အဖွဲ့က ပြိုင်ပွဲ ပြီးခါနီး ၄ ပွဲအလိုမှာ အင်္ဂလန်ရဲ့ ဝါရင့်မန်နေဂျာကြီး အလာဒိုက်စ်ကို အားကိုးတကြီး ခေါ်ယူ ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေအရ လိဒ်စ်ဟာ ရာသီကုန်ထိ ၃ ပွဲသာ ကစားဖို့ ကျန်တော့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။အသင်းအနေနဲ့ တန်းဆင်းဇုန်က လွတ်မယ့် ရပ်တည်မှုနဲ့ ၂ မှတ် ကွာဟနေပြီး တချိန်တည်းမှာပဲ တခြား ပြိုင်ဘက် တချို့ကလည်း တန်းမဆင်းရဖို့ အသည်းအသန် ရုန်းကန်နေကြပါတယ်။
လိဒ်စ်ဟာ အခုသီတင်းပတ်ကုန်မှာ နယူးကာဆယ် ယူနိုက်တက်ကို အိမ်ရှင်အဖြစ် လက်ခံ ကစားရမှာပါ။ နယူးကာဆယ်ကလည်း ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှားမခံနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် နှစ်သင်းစလုံး ဖိအားကိုယ်စီနဲ့ ကစားကြရမှာ ဖြစ်ပါတယ်။
အလာဒိုက်စ်က တန်းဆင်းရမှာကို စိုးရိမ်တဲ့ အကြောက်တရားကပဲ ကစားသမားတွေအတွက် အဓိက မောင်းနှင်အား ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ကစားနေတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်လိုက်ရမှာကို တစိမ့်စိမ့် တွေးကြောက်ပြီး သူ့ကစားသမားတွေက အသည်းအသန် တိုက်ပွဲဝင်တာမျိုး မြင်ချင်တယ်လို့လည်း အလာဒိုက်စ်က ဆက်ပြောပါတယ်။
လိဒ်စ်ဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ပြီးရင် ဝက်စ်ဟမ်း ယူနိုက်တက်၊ တော့တင်ဟမ် ဟော့စပါးတို့လို အသင်းကောင်းတွေနဲ့ ဆက်လက် ရင်ဆိုင်ရမှာပါ။ သူ့အသင်းဟာ ၉ မှတ်ထိ ရနိုင်မယ့် အခွင့်အလမ်း ရှိနေသေးကြောင်း၊ တကယ်လို့ ရာသီကုန် နောက်ဆုံးပွဲစဉ်မှာ တော့တင်ဟမ်နဲ့ ရင်ဆိုင်ရချိန်ထိ သူ့အသင်းက တန်းမဆင်းဖို့ တိုက်ပွဲဝင်ခွင့် ကျန်နေသေးရင်တောင် သူကျေနပ်မိမှာဖြစ်ကြောင်းလည်း အလာဒိုက်စ်က ဖွင့်ဟသွားခဲ့ပါတယ်။