ဂန့်ဂေါမှာ စစ်ထောက်လှမ်းတဦးပစ်သတ်ခံရအပြီး အမျိုးသမီးတဦးအပါဝင် ဒေသခံတွေဖမ်းဆီးခံရ

 

မေ၊ ၁၁
 
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ထောက်လှမ်းရေးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဒီကနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့လို့ သေဆုံးပြီးနောက် အမျိးသမီးတဦးအပါအဝင် ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
” တောင်ခင်ရန်းရွာထဲမှာပဲ ပစ်ခတ်ခဲ့တာပါ။ အစကတည်းက ပစ်မယ်ဆို ပစ်လို့ရနေပေမယ့် ပြည်သူတွေရှင်းတဲ့ နေရာထိရောက်အောင်စောင့်ပြီး ပစ်ခဲ့တာ ” လို့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် (ပ.က.ဖ )တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာတည်ရှိတဲ့ တောင်ခင်ရန်းရဲစခန်းဟာ စစ်ကောင်စီအဖွဲ့ဝင်တွေအပြင် ပျူစောထီးအချို့ပါ တပ်စွဲထားတဲ့နေရာဖြစ်သလို စစ်ကောင်စီရဲ့ စစ်ထောက်လှမ်းရေးဖြစ်တဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ)တွေပါ စခန်းချတယ်လို့ သိရပါတယ်။
 
တောင်ခင်ရန်းရွာအရှေ့ဖက်မှာရှိတဲ့ ရဲစခန်းထဲကနေ ရွာထဲကို သတင်းထောက်လှမ်းဖို့ထွက်လာတဲ့ စစ်ထောက်လှမ်းရေးသိန်းဇော်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီရွာထဲမှာပဲ သေနတ်နဲ့ ခုနစ်ချက်ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာတင်သေဆုံးခဲ့ပြီး သူစီးလာတဲ့ဆိုင်ကယ်ပါ သိမ်းဆည်းခဲ့တယ်လို့ ပကဖတာဝန်ရှိသူက ဆိုပါတယ်။
 
” သူက လက်နက်မပါဘူး၊ အရပ်သားပုံစံနဲ့ လာတာ။ ကလေးတွေက ပစ်ပြီး ဆိုင်ကယ်ယူသွားတယ်။ ဒါက ဖြစ်ပြီးမှသိတာ။ ပစ်ခတ်ဖို့လုပ်တာ၊ အစီအစဉ်ရှိမရှိဆိုတာတွေ ရွာခံတွေက ဘာမသိဘူးဗျ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီပစ်ခတ်မူဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေဟာ မိန်းကလေးတဦးအပါအဝင် ဒေသခံအချို့ကို တောင်ခင်ရန်းရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး ဖမ်းဆီးခံရသူတွေဟာ ပစ်ခတ်မှုနဲ့ မပတ်သတ်သလို သိရှိတာလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
” အဖမ်းခံရတဲ့သူတွေဟာ PDF တွေနဲ့ မပတ်သတ်သလို (ပစ်ခတ်မှု)ဖြစ်စဉ်ကိုလည်း မသိကြပါဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – CJ