သံတမန်ယာဥ်တန်းပစ်ခတ်ခံရမှုက ပအိုဝ်းတိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ PNLO ပြော

မေ၊ ၁၁
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့လာတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရမှုဟာ ပအိုဝ်းအမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ကိစ္စတခု ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
 
“ ထိခိုက်တာကတော့ စစ်ရှောင်မိသားစုတွေပေါ့နော်၊ ဒေသတွင်းမှာရှိတဲ့ ပအိုဝ်းအမျိုးသားတွေကလည်း ထိခိုက်ပါတယ်၊ ပုံရိပ်အရကလည်း သွားလာတဲ့ယာဉ်တန်းကို ပစ်ခတ်ခံရတယ်ဆိုတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့လေ၊ ဒါကလည်း သွယ်ဝိုက်သောအားဖြင့် ထိခိုက်တာပါ၊ အာဆီယံယာဉ်တန်းကို (ပစ်ခတ်မှု) ကျူးလွန်တဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ရှုတ်ချတယ်၊ ကျူးလွန်တဲ့အဖွဲ့အစည်းက တာဝန်ယူရမယ် ” လို့ PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်း က ပြောပါတယ်။
 
ဆီဆိုင်မြို့မှာ စစ်ရှောင်တွေနဲ့ ဒုက္ခသည်တွေကိုတွေ့ဆုံဖို့ တောင်ကြီးမြို့ကနေသွားတဲ့ အာဆီယံသံတမန်တွေ စီးနင်းလိုက်ပါလာတဲ့ယာဥ်တန်းဟာ မေ လ ၇ ရက်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-ဆိုက်ခေါင်လမ်းမပေါ် နန်းဩရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
 
အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် လူထိခိုက်သေဆုံးမှုမရှိပေမယ့် သံတမန်ယာဥ်တန်းဟာ ခရီးစဥ်ကို ဖျက်သိမ်းပြီး နောက်ပြန်လှည့်ခဲ့တာကြောင့် စစ်ရှောင်တွေနဲ့ တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပါဘူး။
အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက အကြမ်းဖက်သမားတွေ ကျူးလွန်တာလို့ ထုတ်ပြန်ပေမယ့် ဘယ်အဖွဲ့ရယ်လို့ နာမည်တပ်ဖော်ပြတာမျိုး မရှိပါဘူး။
 
လူမှုကွန်ရက်ပေါ်မှာတော့ စစ်အုပ်စုထောက်ခံသူတွေက PNLO၊ PDF တပ်ဖွဲ့တွေက ကျူးလွန်တာဖြစ်တယ်လို့ စွပ်စွဲဖော်ပြကြတာတွေလည်း ရှိခဲ့ပါတယ်။
 
ဒါပေမယ့် ပစ်ခတ်ခံခဲ့ရတဲ့ယာဥ်တန်းပေါ်မှာ PNLO ကိုယ်စားလှယ်တွေလည်း လိုက်ပါလာသလို PNLO က ညှိနှိုင်းစီစဥ်တဲ့ ခရီးစဥ်လည်းဖြစ်လို့ အခုလိုပစ်ခတ်မှု လုပ်စရာမရှိတဲ့အကြောင်း PNLO ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ဥက္ကာက မီဒီယာတွေကို ပြောထားသလို ဒီကနေ့ထုတ်ပြန်ချက်မှာလည်း အဲ့ဒီလိုစွပ်စွဲရေးသားမှုတွေကို ရှုတ်ချတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
 
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ PDF တွေလှုပ်ရှားတဲ့နယ်မြေမဟုတ်တာ၊ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ အခြေချ စိုးမိုးတဲ့နယ်မြေဖြစ်တာတွေကို ထောက်ပြပြီး PDF တွေကျူးလွန်တဲ့ကိစ္စမဟုတ်ကြောင်း ရှင်းလင်းထားပါတယ်။
 
အလားတူ PNLO ခေါင်းဆောင် ခွန်ဥက္ကာကလည်း အဲ့ဒီပစ်ခတ်မှုကို PDF တွေက ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး ဒေသတွင်းပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ရဲ့လက်ချက်သာ ဖြစ်နိုင်တယ်လို့ RFA မြန်မာပိုင်းကို ပြောထားပါတယ်။
 
အဲဒီဖြစ်စဉ်ဟာ ဒေသတွင်းအုပ်ချုပ်မှု မကျေလည်တာ၊ နားလည်မှု လွှဲမှားတာတွေကြောင့်လည်း ဖြစ်နိုင်ချေရှိတယ်လို့ ဒီကနေ့ PNLO တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
 
ဒါ့အပြင် ဒေသခံတွေရဲ့သတင်းပေးမှုအရ ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာ သိထားတယ်လို့လည်း PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်း က ပြောပါတယ်။
 
“ အသေးစိတ်သိတာက အဲဒီနားပတ်ဝန်းကျင်မှာရှိတဲ့ ရွာသူ၊ ရွာသားတွေ ပိုသိကြပါတယ်၊ ရွာသားတွေက ပြောရဲလား၊ မပြောရဲလား ဆိုတာတော့ မသိဘူးပေါ့၊ တချို့သော ရွာသားတွေကတော့ အဲဒီနေ့ရက်က အခြေအနေကို သိရှိနေကြတာပေါ့လေ၊ ဘယ်အဖွဲ့တွေ လုပ်တယ်ဆိုတာတော့ သိနေကြပါတယ် ” လို့ သူကပြောပါတယ်။
 
ဒီလိုတိုက်ခိုက်ခံရပေမယ့် စစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး ပြည်တွင်းပြည်ပတာဝန်ရှိသူတွေနဲ့ ပူပေါင်းဆောင်ရွက်မှုကို ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်ကြိုးပမ်းသွားမယ်လို့ PNLO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စင်္ကာပူသံရုံးက အရာရှိနှစ်ဦး၊ အင်ဒိုနီးရှားသံရုံးက အရာရှိနှစ်ဦး၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Center) က တာဝန်ရှိသူသုံးဦးနဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေပါဝင်တဲ့ ကား (၁၁)စီးပါယာဥ်တန်း ပစ်ခတ်ခံရမှုကြောင့် ယာဥ်တန်းထဲက နောက်ဆုံးကားတစီး ကျည်ထိမှန်ကာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီပစ်ခတ်မှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဆာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ ကာလအတွင်း ဖြစ်ခဲ့တာဖြစ်ပြီး အာဆီယံခေါင်းဆောင်တွေက ရှုတ်ချကြောင်းနဲ့ ပစ်ခတ်မှုကိုကျူးလွန်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ တာဝန်ခံရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီ