မေ ၊ ၁၁
ယူကရိန်းက စစ်ဆင်ရေးတွေဟာ ခန့်မှန်းထားတာထက် အများကြီး ပိုခက်ခဲကြောင်း ရုရှား အစိုးရရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဝန်ခံခဲ့ပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ခေတ်သစ် နာဇီဝါဒကို တွန်းလှန်ဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဖြန့်ကျက်မှုကို ဟန့်တားဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက သူတို့ဟာ ကျူးကျော်စစ် ဆင်နွှဲတာ မဟုတ်ဘူးလို့ ငြင်းဆိုပြီး ယူကရိန်းမှာ အထူးစစ်ဆင်ရေးတရပ် ဖော်ဆောင်နေတာသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
လောလောဆယ်မှာတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဘက်ခ်မတ်မြို့မှာ ရုရှားနဲ့ ယူကရိန်းတပ်တွေကြား တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားနေပြီး မြို့ကို ဝန်းရံထားနိုင်တဲ့တိုင် ခုခံရေးတပ်တွေကို ရုရှားက မကျော်လွှားနိုင်သေးပါဘူး။
ဒီအတောအတွင်း ဘက်ခ်မတ်က စစ်ဆင်ရေးတွေမှာ အဓိက ဦးဆောင်နေတဲ့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerကလည်း ခဲယမ်းမီးကျောက်တွေ လုံလုံလောက်လောက် ထောက်ပံ့မပေးတဲ့အတွက် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ လူသိရှင်ကြား ပြဿနာ တက်နေပါတယ်။
အထူးစစ်ဆင်ရေးဟာ အရှိန်မပျက် ရှေ့ဆက်နေကြောင်း၊ ဒါဟာ သိပ်ကို ခက်ခဲတဲ့ စစ်ဆင်ရေး တခုဆိုတာ သံသယရှိဖို့ မလိုကြောင်း၊ ဘာပဲဖြစ်ဖြစ် တနှစ်တာအတွင်း ရုရှားအနေနဲ့ ရည်မှန်းချက်တချို့ အထမြောက် အောင်မြင်ခဲ့ကြောင်း ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။
ပြီးတော့ ယူကရိန်းရဲ့ စစ်လက်နက် ယန္တရားတွေကိုလည်း အတော်လေး ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှား ဒုံးကျည် တိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး ပက်စ်ကော့ဗ်က ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုတွေက ဆက်ပြီး ရှိနေဦးမယ်လို့လည်း ဘော့စ်နီးယားဆာ့ဘ် သတင်းဌာန တခုနဲ့ အင်တာဗျူးမှာ သူက အတည်ပြုသွားပါတယ်။
ရုရှားဟာ ဘက်ခ်မတ်မြို့ကို သိမ်းပိုက်ပြီး ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်မယ်ဆိုတာ သူ့အနေနဲ့ လုံးဝ သံသယ မရှိဘူးလို့လည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။ သူက ယူကရိန်း အရှေ့ပိုင်းက ရုရှားရဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန် နှေးနေတယ် ဆိုတာက ရုရှားဟာ တကယ်တမ်း စစ်ဆင်နွှဲတာမျိုး မဟုတ်လို့ ဖြစ်တယ်လို့လည်း ပက်စ်ကော့ဗ်က ဆက်ပြောပါတယ်။
စစ်ဆင်နွှဲတယ် ဆိုတာက လုံးဝ ကွဲပြားတဲ့ အဓိပ္ပါယ်ဖြစ်ပြီး အခြေခံ အဆောက်အအုံတွေ အားလုံးကိုပါ ဖျက်ဆီးပစ်နိုင်ကြောင်း၊ တနည်းအားဖြင့် မြို့တွေ အားလုံးကို ဖျက်ဆီးပစ်တာဖြစ်ကြောင်း၊ ရုရှားက ဒါမျိုး လုပ်နေတာ မဟုတ်ဘဲ အခြေခံ အဆောက်အအုံတွေရော၊ လူ့အသက်တွေကိုပါ အတတ်နိုင်ဆုံး မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်း ပြုမူနေကြောင်း ပက်စ်ကော့ဗ်က မှတ်ချက်ပေးသွားပါတယ်။
လက်တွေ့မှာတော့ ရုရှားဟာ ယူကရိန်း မြို့ကြီးပြကြီးတွေက လူနေဧရိယာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေပါ မချန်ဘဲ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကြောင့် ယူကရိန်းပြည်သူတွေ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။