မေ ၊ ၁၁
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကြာဥယျာဉ်ရွာမှာရှိတဲ့ပျူစောထီးခေါင်းဆောင်တဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမနေ့ကမနက်အစောပိုင်းမှာဝင်ရောက်ဖမ်းဆီးစဉ်မှာပဲအပြန်အလှန်ပစ်ခေတ်မှု့ဖြစ်ပွါးခဲ့ပြီးနောက်စစ်ကောင်စီတပ်ကအမျိုးသမီးတွေအပါအဝင်အဝင် ဒေသခံ ၁၅ ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။
“မနေ့က မနက်၆နာရီခန့်မှာ ကြာဥယျာဉ်က ပျူ ဇော်ဝမ်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးရာ အပြန်လှန်ပစ်ခက်မှုဖြစ်ပြီး ပျူဇော်ဝမ်းက လက်ပစ်ဗုံးနဲ့ပစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။အထိအခိုက်တော့ဒီဖက်ကမရှိဘူး “လို့ စဉ့်ကူးနယ်ကင်းထောက်အဖွဲ့တာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ဇော်ဝမ်းဟာ ကြာဥယျာဉ်ရွာရဲ့တဖက်ကမ်းကထုံးကြီးရဲစခန်းမှူးသောင်းထိုက်ဦးနဲ့ရင်းနှီးသူဖြစ်သလို အဲဒီနယ်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးရာမှာ ပါဝင်တယ်လို့ဒေသခံတွေကဆိုပါတယ်။
အဲဒီလိုဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်၊ရဲနဲ့ပျူစောထီးတပ်ဖွဲ့တွေရောက်လာပြီးအရပ်သား၁၅ဦးကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောကြပါတယ်။
ဖမ်းဆီးခံရသူတွေဟာလူလတ်ပိုင်းအများစုဖြစ်သလိုအမျိုးသမီးတွေလည်းဖမ်းဆီးခံရတာမှာပါဝင်ပေမယ့် အရေအတွက်အတိအကျမသိရသေးဘူးလို့ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကိုတော့ထုံးကြီးရဲစခန်းမှာချုပ်နှောင်ထားပြီးသူတို့ရဲ့အခြေအနေကိုတော့မသိရှိရသေးပဲမိသားစုဝင်တွေနဲ့လဲအဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။
ဒေသခံတွေဖမ်းဆီးခံရပြီးနေ့လည် ၁၂ နာရီကျော်လောက်မှာပဲ သာယာဝတီရွာနဲ့ မြစိမ်းရွာ တို့မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်လင်းနဲ့ဆယ်အိမ်မှူး မောင်စိုးတို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ ရာနှစ်ဦးလုံးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးနှစ်ဦးကို စဉ့်ကူးပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီးနောက်ဆက်တွဲဖမ်းဆီးမှုတော့မရှိသေးဘူးလို့ စဉ့်ကူးPDFနဲ့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်ပြည်သူ့ကာကွယ်ရေးတပ်တွေကစစ်ကောင်စီတပ်တွေကိုသယ်ပို့ပေးနေတဲ့ထုံးကြီးရဲစခန်းမှူးသောင်းထိုက်ဦးပိုင် ဖောင်ကိုဖောက်ခွဲပြီးမြှပ်လိုက်တယ်လို့လည်းထပ်ပြောပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဝင်ရောက်စစ်ကြောင်းထိုးလာနိုင်တဲ့အခြေအနေကြောင့်သာယာဝတီ၊မြစိမ်း၊ကြာဥယျာဥ်၊ဇီးကုန်းအစရှိတဲ့ကျေးရွာတွေကဒေသခံပြည်သူအချို့ဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
“မြစိမ်းရွာကအိမ်တွေလဲဝင်မွှေတာခံရတယ်၊ဟိုနှစ်ယောက်ကတော့ဒီကောင်တွေထွက်သွားပြီးသိပ်မကြာဘူးဝင်ပစ်ခံရတာပွဲချင်းပြီးပဲ၊စစ်ကြောင်းကတော့ မလာသေးဘူး ၊မနေ့ညက သတင်းကြိုရတာတော့ စစ်ကြောင်းဝင်မယ်လို့သိရတယ် ၊ဒီနေ့ဝင်လောက်မယ်ထင်တယ်၊တချို့လဲရှောင်ကုန်ပြီ”လို့စဉ့်ကူးနယ်ဒေသခံတဦးကပြောပါတယ်။
သပိတ်ကျင်း၊ စဉ့်ကူး၊ မြစ်ရိုး ချုပ်စပ်ဒေသ တွေမှာစစ်ကောင်စီတပ်တွေမကြာခဏဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ၃၀၀ခန့်ရှိနေပြီလို့လည်းစဥ့်ကူးနယ်စစ်ရှောင်ကူညီသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။