ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို PDF တွေဝင်တိုက်

မေ ၁၁

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ကန်ဒေါ့ကျေးရွာရှိ စစ်အုပ်စုရဲ့ နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဖက်က ၁၀ ဦးခန့်သေဆုံးသွားတယ်လို့ M7 People’s Defense Army တပ်ဖွဲ့ကတာဝန်ခံ ဗိုလ်မြတ်က ပြောပါတယ်။

မနေ့က မေလ ၁၀ ရက်၊ညပိုင်းမှာ ပုလဲမြို့အနောက်ဖက်ရှိ ရဲနဲ့ စစ်တပ် အင်အား ၈၀ လောက်ရှိတဲ့ ကန်ဒေါ့ရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် သုံးနာရီအတွင်း အပြန်အလှန်ပစ်ခတ်ရင်းတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သူကဆိုပါတယ်။

” မနေ့ည ၆ နာရီလောက်မှာ ရဲစခန်းကိုစဝိုင်းတယ်။ ၈ နာရီလောက်မှာ စပစ်တယ်ဗျ ။မီတာ ၈၀ လောက်အထိကို မျက်နှာချင်းဆိုင်ပစ်တာ ရဲစခန်းမရောက်ခင် ၃ ထပ်ဘန်ကာရှိတယ်။ အဲဘန်ကာမပြိုလို့ စခန်းကို မရလိုက်တာပါ။ ကန်ဒေါ့ရွာထဲက သုံးထပ်တိုက်အပေါ်ကနေပစ်နေတာပါ။ ကျနော်တို့မှာ RPG ပါတယ် ။ဒါပေမယ့် Errorအဲရာတက်နေလို့ မသုံးလိုက်ရတာ ။မဟုတ်ရင်အဲဘန်ကာပြိုတယ်။ 79 နဲ့ ပစ်လိုက်တော့ အပေါ်ထပ်တော့ ကျတယ်။အောက်နှစ်ထပ်ကျန်နေလို့ ကပ်မရခဲ့တာပါ။ သူတို့ဖက်က သေတာက မျက်မြင် ၁၀ ယောက်လောက်ရှိတယ် ။သူတို့ ကျတဲ့ကောင်တွေကို ပြန်ဆွဲသွားတာမြင်ပါတယ် ” လို့ ဗိုလ်မြတ်က ဆိုပါတယ်။

စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သတ်ပြီး DNAသတင်းဌာနက သီးခြားအတည်ပြုချက် မရယူနိုင်သေးပါဘူး။

ကန်ဒေါင်းရဲစခန်း ကိုPDF တွေကဝိုင်းဝန်းပြီး စခန်းသိမ်းတိုက်ပွဲ ဖြစ်ခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေကအတည်ပြူကြပေမယ့် ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ဖော်မပြောကြပါဘူး။

ကန့်ဒေါင့်စခန်းကို  မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ၂၀၂ တပ်ရင်း M7  PEOPLE’S DEFENSE FORCEနဲ့မဟာမိတ် ညီနောင်တပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့သလို တိုက်ပွဲအတွင်း တိုက်ပွဲဖြစ်ချိန် သုံးနာရီလောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတွေဖက်ကတဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့သလ်ို  ဒဏ်ရာရသူ စုစုပေါင်း ၆ ဦးရှိတယ်လို့ သိရပါတယ်။

“အဲစခန်းက ပုလဲ-ဂန့်ဂေါ လမ်းဘေးမှာတင်ရှိတယ်။ တိုက်ပွဲဖြစ်ပြီးတော့ သူ(စစ်အုပ်စု)တို့ စခန်းထဲက မထွက်ရဲဘူးရယ်။ ညပိုင်းကတော့ ၆၀ မမ တွေနဲ့ တပ်ကပြန်ပစ်တာရှိတယ်။ ဒေသခံတွေကတော့ ညတုန်းကတော့ ပြေးကြတာတွေရှိတယ်။ တချို့လည်း ပြန်လာတယ် တချို့လည်းမလာကြသေးဘူး ” လို့ ဒေသခံ တဦးကပြောပါတယ်။