ဆားလင်းကြီးကိုစစ်ကောင်စီစစ်ကြောင်းထိုးလို့ဒေသခံကိုးထောင်ဝန်းကျင်စစ်ရှောင်နေရ

မေ၊ ၁၀

စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မေလ၁၀ရက်၊မနက် ၇နာရီအချိန်ကနေစတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် လက်ပံတောင်းတောင်နဲ့ ကြေးစင်တောင်အနီးတဝိုက်ကရွာ၉ရွာက ဒေသခံကိုးထောင်ဝန်းကျင်စစ်ရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ 

“ စစ်ကားတွေကရွှေတောင်ဦးကနေဆင်းလာတာ  ။ပုသိမ် – မုံရွာလမ်းဘေးကရွာတွေအကုန်ရှောင်ကြရတယ် ။ကျောက်မျက်တောင်ကနေဆင်းလာတဲ့စစ်ကောင်စီတပ်တ္ပေ အက်ဆစ်စက်ရုံထဲဝင်သွားတယ် ။အင်အား၈၀လောက်ရှိတယ် ။ခုထိကံကုန်းရွာထိပ်မှာရှိနေသေးတယ် “လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။ 

 စစ်ကောင်စီတပ်တွေကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်ဖောက်ပြီးစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ထနောင်းကုန်း၊ အေးကုန်း၊ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ဘိန်းနွယ်ချောင်၊ ကျေးစာကျနဲ့ ရွှေပေကုန်းစတဲ့ ကျေးရွာတွေက ပြည်သူ ၉,၀၀၀ ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။ 

“ စစ်ရှောင်တွေကအခုထိလယ်တောထဲမှာရှိနေသေးတယ် ။နေပူပူမှာ လယ်တောထဲကသစ်ပင်ကြီးတွေအရိပ်ရှိရာမှာရှောင်နေကြရတယ်။သက်ကြီးပိုင်းတွေကတော့ဒုက္ခရောက်တာပေါ့လို့ “စစ်ရှောင်တဦးကပြောပါတယ်။ 

ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်း တရုတ်ကုမ္ပဏီ ကကြေးနီတွေကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့တဲ့ လမ်းကြောင်းနဲ့ စက်ရုံထဲကိုအက်ဆစ်ကားတွေပို့တဲ့လမ်းကြောင်းတွေတိုင်းကို စစ်ကောင်စီကလုံခြုံရေးယူပေးတဲ့အခါတိုင်းမှာ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းတာတွေလုပ်လေ့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ 

စစ်ကောင်စီဟာတနိုင်ငံလုံးက မြို့နယ်၄၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ်ကြေညာခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းထဲက ၁၄မြို့နယ် ပါဝင်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီနှစ်ဧပြီ လ ၂၄ရက်နေ့ အထိ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA ) ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြည်သူပေါင်း ၁၃ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နိုင်ငံတဝန်းစစ်ရှောင်ရတဲ့အထဲ အများဆုံးဖြစ်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတဲ့သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း OCHAကဆိုပါတယ်။