မေ ၁၀
ပြင်းထန်တဲ့လေတိုက်နှုန်းတွေ၊ ရေကြီးတာတွေ ရှိလာနိုင်တယ်ဆိုတဲ့ မုန်တိုင်းသတိပေးချက်တွေကြောင့် ရခိုင် ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသတွေက ထောင်ချီတဲ့ဒေသခံတွေဟာ ဘေးလွှတ်ရာဒေသတွေဆီ ကြိုတင် တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။
ပင်လယ်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အ၀မှာတည်ရှိတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ်တို့ ဒေသခံအများစုလက်ရှိပြောင်းရွှေ့နေကြတာဖြစ်ပြီး လူဦးရေ လေးထောင်ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။
“မုန်တိုင်းက တော်တော်ကြီးမယ်၊ လေတိုက်နှုန်း ၁၂၀ လောက်ထိ ရှိမယ်လို့ပြောကြတယ်၊ဒီလောက်ထိ ပြင်းတာ ကျွန်မတို့ တခါမှ မကြုံဖူးဘူး၊အဲဒါကြောင့် ကလေးတွေ၊ အသက်ကြီးတွေနဲ့ အကုန်လုံး ပြေးလာကြတာ၊အမျိုးရှိ တဲ့ သူတွေကအမျိုးအိမ်တွေမှာ တည်းတယ်၊မရှိတဲ့သူတွေကလည်းဘုန်းကြီးကျောင်းတွေမှာ တည်းပြီးနေကြပါ တယ်” လို့ ပေါက်တောမြို့နယ် ငပြီကျွန်းကျေးရွာကနေယာယီရွှေ့ပြောင်းနေထိုင်နေတဲ့အမျိုးသမီးတဦးကDNAကို ပြောပါ တယ်။
ပေါက်တောနဲ့ စစ်တွေမြို့ကြား ကုလားတန်မြစ်လယ်ကျွန်းငယ်တကျွန်းပေါ်မှာ တည်ရှိတဲ့ ငပြီကျွန်းရွာအပါအဝင် ရွာသုံးရွာက ဒေသခံ တွေအားလုံးနီးပါးဟာ အနီးတဝိုက်ရှိ လေးလွတ်နိုင်တဲ့ရွာတွေကို အခုကတည်းက ကြိုတင် တိမ်းရှောင်နေ ကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် ပင်လယ်၀မှာတည်ရှိတဲ့ ပေါက်တောမြို့နယ် သဲခုံရွာက ရွာသားတွေဟာလည်း ကုန်းမြင့်တွေရှိရာ ရွာတွေ ဆီ တိမ်းရှောင်နေကြပြီလို့ ပြောကြပါတယ်။
“မနှစ်က မိုးကုန် မုန်တိုင်းတုန်းကလည်း အိမ်တွေ ပါသွားတယ်၊အခု ဒီမုန်တိုင်းက ပိုကြီးမယ်ဆိုတော့ ကြောက်လို့ ကြိုပြေးနေကြတာပါ”လို့ သဲခုံရွာသားတဦးက ပြောပြပါတယ်။
အလားတူမြေပုံမြို့နယ် ငမန်းရဲ၊ ပြင်ချောင်း၊ လွမ်းလုံးလိုက်စတဲ့ရွာတွေက ဒေသခံတချို့ဟာလည်း ကြိုတင်တိမ်း ရှောင်နေကြတယ်လို့ ပြောကြပါတယ်။
“ဒီဘက်မှာက တပ်တော်(AA)ကလည်း ကြိုတင်အသိပေးထားတာတွေ ရှိတယ်၊AA က ကူညီကယ်ဆယ်ရေး တွေလုပ်ဖို့လည်း စီစဉ်ထားတယ်”လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)ဟာ ရက်ပိုင်းအ တွင်း အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး ရခိုင်ကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ်ဒေသတွေကို မုန်တိုင်း ရိုက်ခတ်နိုင်ကာ လေပြင်းတိုက်ခတ်မှုနဲ့ ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ ပြည်တွင်း၊ပြည်ပမိုးလေဝသဌာနတွေက လက်ရှိမိုးလေဝသအချက်အလက်တွေကို စောင့်ကြည့်တွက်ချက်ခန့်မှန်းထားကြပါတယ်။
အဲဒီလို မုန်တိုင်းသတိပေးချက်တွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီကရောရခိုင့်တပ်တော်(AA)ကပါ မုန်တိုင်းနဲ့ ပက်သက်လို့ အသိပေး ပြင်ဆင်မှုတွေလုပ်နေကြတယ်လို့ဆိုပါတယ်။
ရခိုင့်တပ်တော်AA ကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကြိုတင် အသိပေးတာတွေ လုပ်နေပြီး မုန်တိုင်းဝင် လာခဲ့ရင်လည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါ တယ်။
“မြို့နယ်အလိုက် အဖွဲ့တွေကို တာဝန်ပေးထားတာ ရှိပါတယ်”လို့ AA နဲ့ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ကျေးရွာတချို့မှာ မုန်တိုင်းဖြတ်သန်းနိုင်ကြောင်း သတိပေးမှုတွေ လုပ်နေပေမယ့် မုန်တိုင်းကို ကြောက်လို့ တိမ်း ရှောင်ကြသူတွေကို နေရာစီစဉ်ပေးတာ၊ ရွေ့ပြောင်းပေးတာတွေတော့ လုပ်တာ မရှိဘူးလို့ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေက ပြောကြပါတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ်ဟာ အနောက် မြောက်ဘက်ကိုရွေ့လျားနေကာလက်ရှိမှာ ကိုကိုးကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၀၀၊ ဟိုင်းကြီးကျွန်း မြို့ ရဲ့ အ နောက်တောင်ဘက် ၅၂၅ မိုင်၊ စစ်တွေမြို့ရဲ့ တောင် – အနောက်တောင်ဘက် ရေမိုင် ၇၀၅ ခန့် အကွာကနေ ဆက်လက်ရွေ့လျားနေတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထား ပါတယ်။
အဲ့ဒီအားကောင်းသော မုန်တိုင်းငယ်ဟာ ဒီကနေ့ညပိုင်းမှာ မိုချာ လို့အမည်ပေးနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်အထိ ရောက်ရှိလာနိုင်ပြီး မေလ (၁၂)ရက်နေ (၁၄)ရက်အတွင်း အလွန်အားကောင်းတဲ့မုန်တိုင်းကြီ းအဆင့်အထိ ရောက်နိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသအချက်အလက်တွေကို ကိုးကားပြီး NUG ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း အခုညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိခန့်မှန်းတွက်ချက်မှုတွေအရ အဲ့ဒီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း(မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တော မြို့နယ်)စတဲ့ဒေသတွေဟာ အန္တရာယ်အများဆုံးဇုံဖြစ်နေတယ်လို့ NUGကဆိုပါတယ်။
ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲ မြို့နယ်၊ မာန်အောင်မြို့ နယ်၊ သံတွဲမြို့နယ်)တွေကတော့ ဒုတိယနဲ့ သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ် ခရိုင်၊ (ရွှေသောင်ယံ မြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေ)ဒေသတွေ ကတော့ တတိယအန္တရာယ်အများဆုံး ဇုံဖြစ်နေတယ်လို့လည်းဆက်လက်ဖော်ပြထားပါတယ်။
အန္တရာယ်အရှိဆုံး ဇုံသုံးခုလုံးမှာ လေပြင်းတိုက်ခတ်တာ၊လှိုင်းကြီးတာ၊မိုးသက်လေပြင်းကျတာ၊မြေပြိုတာနဲ့ ရေလွှမ်းမိုးတာ စတဲ့ အန္တရာယ်တွေကြုံတွေ့ရနိုင်ချေရှိနေတယ်လို့လည်း NUG ရဲ့ လူသားချင်းစာနာထောက် ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။
လက်ရှိအချိန်အထိ ထုတ်ပြန်ထားတဲ့ မုန်တိုင်းလမ်းကြောင်းနဲ့ သက်ရောက်မှုတွေဟာ အပြောင်းအလဲတွေ ရှိ လာနိုင်ပါသေးတယ်။