ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအကြီးအကဲ သုံးသပ်

မေ၊ ၁၀

ယူကရိန်း စစ်ပွဲအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတာ လောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂ အကြီးအကဲက မှတ်ချက်ပေး ပြောကြားသွားပါတယ်။

ရုရှားရော၊ ယူကရိန်းပါ သူတို့ဖက်မှာ နိုင်ခြေ ရှိနေတယ်လို့ အသီးသီး ယူဆထားကြဆဲ ဖြစ်ပြီး အဲဒီ အနေအထားမှာ အမှန်တကယ် လက်တွေ့ကျတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုမျိုးလည်း ထွက်ပေါ်လာနိုင်ဖွယ် မရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စပိန် သတင်းဌာန El Piasနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာပါ။ သူဟာ Charles V European ဆုတံဆိပ် လက်ခံဖို့အတွက် စပိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

စစ်ပွဲကာလအတွင်း ပင်လယ်နက် ဒေသမှာ ကောက်ပဲသီးနှံတွေ ရေလမ်းခရီးက တင်ပို့နိုင်ရေး သဘောတူညီမှု အသစ်အတွက်လည်း ကုလသမဂ္ဂဟာ ရုရှား၊ ယူကရိန်း အာဏာပိုင်တွေနဲ့ အကျေအလည် ဆက်လက် ဆွေးနွေးနေဆဲပါ။ ရှိရင်းစွဲ သဘောတူညီမှုကတော့ မေ ၁၈ ရက်မှာ သက်တမ်း ကုန်ဆုံးပါမယ်။

ဂူတာရက်စ်က စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ နှစ်ဖက်စလုံးက သူတို့ နိုင်ကို နိုင်လိမ့်မယ်လို့ ယူဆထားဆဲ ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုတာဟာ လောလောဆယ် မဖြစ်နိုင်ဘူးလို့ သူယုံကြည်ကြောင်း ပြောပါတယ်။ 

အခုသီတင်းပတ်ထဲမှာ ရုရှားဟာ ယူကရိန်းနိုင်ငံ အနှံ့က မြို့ရွာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ တဖက်မှာလည်း ယူကရိန်းဟာ ကျူးကျော်သူ ရုရှားတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်မယ့် တန်ပြန်ထိုးစစ်ကြီး တခုအတွက် သေချာ ပြင်ဆင်နေကြောင်း သတင်းတွေ ပျံ့နှံ့နေပါတယ်။

 

Ref: Reuters