မေ၊ ၁၀
တကယ်လို့ ဘက်ခ်မတ် စစ်မြေပြင်ကနေ သူ့တပ်တွေ ဆုတ်ခွာခဲ့မယ်ဆိုရင် သစ္စာဖောက် အနေနဲ့ သတ်မှတ်ပြီး အပြစ်ပေး ခံရမယ်လို့ ခြိမ်းခြောက် ခံထားရကြောင်း ရုရှား ကြေးစားတပ် Wangerရဲ့ အကြီးအကဲက ဖွင့်ဟခဲ့ပါတယ်။
ယူကရိန်း အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ကို သိမ်းယူဖို့ ရုရှားတပ်တွေက သည်းသည်းမည်းမည်း အားထုတ်နေရာမှာ အဲဒီ ထိုးစစ်ကို ယက်ဗ်ဂျနီ ပရီဂိုဇင် ဦးဆောင်တဲ့ Wagner ကြေးစားတပ်တွေက ဦးဆောင်နေပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိ ယူကရိန်း ခုခံရေး တပ်တွေက အလျှော့မပေးစတမ်း ကြံ့ကြံ့ခံ ခုခံနေသလို လက်နက်ကြီး ကျည်ဆန်တွေ လုံလုံလောက်လောက် အထောက်အပံ့ မရလို့ သူ့တပ်သားတွေ အတုံးအရုံး သေဆုံးနေကြောင်း ပရီဂိုဇင်က ထုတ်ဖော် ပြောဆိုထားပါတယ်။
တကယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက လုံလောက်တဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ မပေးဘူးဆိုရင် သူ့တပ်တွေကို ဘက်ခ်မတ်ကနေ ဆုတ်ခွာစေမယ်လို့လည်း ပရီဂိုဇင်က ခြိမ်းခြောက်ထားပါတယ်။ အစောပိုင်းတုန်းက ရုရှားစစ်တပ်ဟာ Wagnerတွေအတွက် လိုအပ်တဲ့ လက်နက်ကြီး ကျည်ဆန်တွေ ပေးပို့မယ်လို့ ကတိပြုခဲ့ပေမယ့် လက်တွေ့ ပို့ဆောင်နိုင်တဲ့ အခြေအနေတော့ ရှိခဲ့ဟန် မတွေ့ရပါဘူး။
ဒါကြောင့် သူ့တပ်သားတွေကို စစ်မြေပြင်ကနေ အမှန်တကယ် ဆုတ်ခွာစေဖို့ စီစဉ်ခဲ့ပေမယ့် တကယ်လို့သာ ဆုတ်ခွာဖြစ်ခဲ့ရင် သူရော၊ Wagner တပ်ဖွဲ့ဝင်တွေပါ သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး အပြစ်ပေး ခံရမယ်လို့ ရုရှား အာဏာပိုင်တွေက အကြောင်းကြားထားကြောင်း ပရီဂိုဇင်က ဖွင့်ဟခဲ့ပါတယ်။
ရုရှားစစ်တပ်က အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စစ်ရေးပြ ချီတက်ပွဲကြီးကို မေလ ၉ ရက်နေ့က မော်စကိုမှာ ကျင်းပတဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီး ဘက်ခ်မတ်က အခြေအနေ မှန်တွေကို ပရီဂိုဇင်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ လိုအပ်တဲ့ စစ်လက်နက် ခဲယမ်းမီးကျောက်တွေ မရှိဘူးဆိုရင် သူ့တပ်ဖွဲ့တွေဟာ လက်ရှိ တပ်စွဲထားတဲ့ နေရာတွေကို စွန့်ခွာရုံကလွဲလို့ တခြားရွေးချယ်စရာလည်း မမြင်တော့ဘူးလို့ သူက ဆိုပါတယ်။
အစောပိုင်းတုန်းက ပရီဂိုဇင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူကို တိုက်ရိုက် ဝေဖန်ခဲ့ပြီး Wagner တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးကျည် မလုံလောက်မှုကြောင့် ဖြစ်သင့်တဲ့ ပမာဏထက် အသေအပျောက် ၅ ဆလောက် ကြုံနေရကြောင်း ပြောကြားထားခဲ့ပါတယ်။
Ref: Reuters