မုန်တိုင်းသတိပေးချက်တွေကြောင့် ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသတွေက ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေ

မေ၊ ၉
 
ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေနဲ့ နီးစပ်တဲ့မြို့နယ်အချို့က ဒေသခံသောင်းချီဟာ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နီးစပ်ရာမြို့ပေါ်ရပ်ကွက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ စတင်ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
လက်ရှိဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းတခု စတင်စုဖွဲ့နေပြီး လာမယ့် ရက်ပိုင်းအတွင်း အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းတခု ဖြစ်လာကာ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဖြတ်သန်းဝင်ရောက်နိုင်ခြေ၊ မုန်တိုင်းရိုက်ခတ်နိုင်ခြေတွေ ရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
 
ဒီလို သတိပေးခန့်မှန်းမှုတွေကြောင့် ရခိုင်၊ ဧရာဝတီတိုင်း အပါအဝင် ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ ဒေသတွေဘက်က ပြည်သူတွေဟာ ကြိုတင်ရွေ့ပြောင်းတာတွေ လုပ်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းခြေဒေသနေထိုင်သူတွေနဲ့ မြစ်ဝကျွန်းပေါ်နေထိုင်သူ သောင်းနဲ့ချီဟာ မုန်တိုင်းရှောင်ဖို့အတွက် မြို့ပေါ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီလို့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
“ ဒီမှာတော့ ရှောင်နေတာ နှစ်ရက်၊ သုံးရက်ရှိပြီ။ အဓိက ပင်လယ်ကမ်းခြေ ကမ်းစပ်နားဘက်ကလူတွေ၊ ဒီ လပွတ္တာမှာပဲ သုံးထောင်၊ လေးထောင်လောက်ရှိနေပြီ၊ တိုင်းတခုလုံးအနေနဲ့ ပြောရရင် အများကြီးပေါ့၊ သောင်းနဲ့ ချီတော့ ရှိမှာပေါ့နော်၊ တချို့ကျတော့ သူ့အစီအစဉ်နဲ့ သူပဲ တိမ်းရှောင်တာပေါ့။ ဟို မြို့တက်တယ်၊ ပင်လယ်နဲ့ ဝေးတဲ့နေရာတွေ သွားကြတာပေါ့ ” လို့ သူက ပြောပါတယ်။
 
ပင်လယ်ကမ်းခြေနဲ့နီးပြီး ပင်လယ်ဒီရေ ဝင်ရောက်မှုကြမ်းတဲ့ မြောင်းမြ၊ ကျုံမငေး၊ လပွတ္တာ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ငပုတောနဲ့ ပုသိမ် စတဲ့မြို့နယ်တွေရဲ့ ကျေးရွာတွေက မုန်တိုင်းရှောင်သူတွေဟာ အနီးဆုံးမြို့နဲ့ ရွာကြီးတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တည်းခိုပြီး မုန်တိုင်းရှောင်နေကြတာလည်း ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ငရုတ်ကောင်း မော်တင်ကမ်းခြေမြို့နယ်က မုန်တိုင်းရှောင်သူတွေဟာ ရခိုင်ရိုးမတောင်စွယ်ပေါ် က ဘုန်းတော်ကြီးကျောင်းတွေဆီ သွားရောက်ခိုလှုံနေထိုင်ကြတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကတော့ မုန်တိုင်းသတိပေးချက်တွေကို တချို့ဒေသတွေမှာ ကျေးရွာတွေအရောက် သွားရောက်သတိပေးပြောဆိုတာမျိုး ရှိပေမယ့် တချို့အလှမ်းဝေးတဲ့ ဒေသတွေဘက်မှာဆိုရင် လူမှုကူညီရေးအသင်းတွေနဲ့ ပြည်သူအချင်းချင်းကနေတဆင့် ကြားရတဲ့သတင်းတွေအပေါ်အခြေခံပြီး ဘေးလွတ်ရာကို ရွေ့ပြောင်းနေတာလည်း ရှိတယ်လို့ ဆိုပါတယ်။
 
ပင်လယ်ကမ်းခြေစခန်း တည်ရှိတဲ့ ချောင်းသာမြို့နယ်မှာလည်း မုန်တိုင်းအန္တရာယ်ကို ကြောက်ရွံ့တာကြောင့် ဒေသခံတွေဟာ မုန်တိုင်းကာကွယ်ရေးအဆောက်အအုံ (Storm Shelter )နဲ့ ဘုန်းကြီးကျောင်း၊ တောင်ကုန်းအမြင့်တွေအပေါ်မှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ချောင်းသာကမ်းခြေမှာ နေထိုင်သူတဦးက ပြောပါတယ်။
 
“ မနေ့တနေ့ကစပြီး ပြောင်းနေကြတယ်၊ ချောင်းသာကမ်းခြေနားက ရပ်ကွက်ကလူတွေပေါ့နော်၊ ရပ်ကွက်ကလည်း သတိပေးတယ်၊ ကိုယ့်ဟာနဲ့ ကိုယ်စိတ်ပူကြတယ်၊ များသောအားဖြင့် တောင်ပေါ်က ဘုန်းကြီးကျောင်းပေါ်မှာတော့ မနည်းဘူး ရှိနေကြတယ်၊ ချောင်းသာမြို့အဝင်က ဘုန်းကြီးကျောင်း၊ ဒီဟာက အိမ်အားလုံးနီးပါးလိုလို ပြောင်းလာကြတာ၊ ဒီမနက်ဆို မနည်းဘူး ပြေးလာကြပြီ၊ ချောင်းသာဘောလုံးကွင်းနားမှာ သူတို့က (ဌာနဆိုင်ရာ)တွေက နေထိုင်ဖို့ စီစဉ်ပေးထားတာရှိတယ် ” လို့ သူကပြောပါတယ်။
 
ဧရာဝတီတိုင်းဒေသခံတွေဟာ ၂၀၀၈ ခုနှစ်၊ မေလမှာဖြစ်ပွားတဲ့ နာဂစ်မုန်တိုင်းအတွေ့အကြုံရှိထားတဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံ Cyclone Shelter တွေမှာ သွားရောက်နေကြသလို တောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတွေလည်း သွားနေကြတယ်လို့ ဆိုပါတယ်။
 
“ မြို့လယ်က ဆိုင်ကလုန်းရှယ်တာက လူ၂၀၀ တောင်မဆန့်ဘူးလေ အဲ့တော့ အချို့လည်း တောင်ပေါ် က ဘုန်းကြီးကျောင်းတွေကို သွားကြရတာပေါ့ “ လို့ မုန်တိုင်းရှောင်သူတွေကို နေရာချထား ပို့ဆောင်ပေးနေတဲ့ ချောင်းသာဒေသခံ လူမှုကယ်ဆယ်ကူညီရေးအသင်း အဖွဲ့ဝင်တဦး က ပြောပါတယ်။
 
ဒါ့အပြင် ဧရာဝတီတိုင်းရှိ မုန်တိုင်းသက်ရောက်မှုရှိနိုင်တဲ့ နေရာဒေသတွေက ရေယာဉ်တွေကိုလည်း စစ်ကောင်စီက ဒီကနေ့ မေလ ၉ ရက်ကစတင်ပြီး ပင်လယ်ခရီးထွက်သွားလာခွင့် ပိတ်ပင်ထားတဲ့အပြင် ရေယာဉ်တွေကိုလည်း ကူညီကယ်ဆယ်လုပ်ငန်းတွေမှာ ဆောင်ရွက်နိုင်ဖို့ အသင့်စီစဉ်ထားခိုင်းတယ်လို့ ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီဥက္ကဌ ဦးတိုင်းအောင်က ပြောပါတယ်။
 
“ အဲဒီမတိုင်ခင်၊ မုန်တိုင်းစမဖြစ်ခင်ကတည်းက ဒီမှာကတော့ ကွပ်ကဲရေးရုံးကို ခဏခဏခေါ်ပြီးတော့ ဒီကာကွယ်ရမယ့်ဟာတွေ၊ သင်္ဘောတွေ အချိန်နဲ့တပြေးညီပေါ့၊ မိုးဇလပေါ့နော်၊ အဲဒီကနေ အန္တရယ်ရှိတယ်လို့ အကြောင်းကြားလာရင် ချက်ချင်းပိတ်ပေးဖို့၊ သင်္ဘောပေါ်မှာ ကယ်ဆယ်ရေးပစ္စည်း အပြည့်အဝထားရှိပေးဖို့၊ အဲဒါတွေကို အကုန်လုပ်ထားပါတယ်၊ သတိပေးလာပြီဆိုရင် ရေယာဉ်တွေကို လုံခြုံတဲ့ ချောင်းတွေ မြောင်းတွေထဲ ထည့်ပြီး ထားရမယ်ပေါ့ ” လို့သူက ပြောပါတယ်။
 
ရေယာဉ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ စည်းကမ်းလိုက်နာမှုမရှိဘဲ ပင်လယ်ပြင်ကို ခရီးထွက်ပြေးဆွဲသွားလာမယ်ဆိုရင် ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီကတော့ မုန်တိုင်းဟာ ရန်ကုန်တိုင်း၊ ဖျာပုံမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်ကြားကနေ ကုန်းတွင်းပိုင်းဝင်ရောက်မယ့် လမ်းကြောင်းနဲ့ ရခိုင်ကမ်းရိုးတန်းကိုဖြတ်ပြီး စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားက ကုန်တွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မယ်လို့ လမ်းကြောင်းနှစ်ကြောင်းခန့်မှန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။
 
လွန်ခဲ့တဲ့ ၂၀၀၈ခုနှစ်၊ မေလ ၂ ရက်မှာတိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းက လပွတ္တာ၊ ပြင်စလူ၊ ဘိုကလေး၊ ငပုတော၊ ပုသိမ်၊ ဝါးခယ်မ၊ မအူပင်၊ ကွမ်းခြံကုန်း စတဲ့မြို့နယ်တွေအပြင် ရန်ကုန်တိုင်းက မြို့နယ်တွေမှာပါ လေပြင်းတိုက်ခိုက်ခတ်မှုနဲ့ ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ကြရပါတယ်။
 
အဲ့ဒီမုန်တိုင်းကြောင့် လူပေါင်း ၁၃၈၀၀၀ ကျော်သေဆုံးခဲ့သလို ကျွဲ၊ နွား စတဲ့စိုက်ပျိုးရေးကိရိယာတွေ ဆုံးရှုံးတဲ့အပြင် အိမ်ယာအဆောက်အအုံ ၇ သိန်းကျော်အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော်ဆုံးရှုံးခဲ့ပြီး တချို့ဒေသတွေဟာ လက်ရှိအချိန်အထိ အဲဒီဒဏ်တွေကို ခံစားရနေဆဲဖြစ်ပါတယ်။
 
လက်ရှိဘင်္ဂလားပင်လယ်အော်ထဲ စတင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းတခုဖြစ်လာပြီး မေလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း ဧရာဝတီကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီး ဖြတ်သန်းနိုင်ချေရှိတယ်လို့ လက်ရှိမိုးလေဝသအချက်အလက်တွေအရ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
 
အဲ့ဒီမုန်တိုင်းကြောင့် ရေလှိုင်းအမြင့် ၃၂ ပေကနေ ပေ ၄၀ အထိ ရှိနိုင်ကာ တနာရီလေတိုက်နှုန်းကတော့ မိုင် ၉၀ ကနေ ၁၂၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းထားပေမယ့် မုန်တိုင်းလမ်းကြောင်းနဲ့ သက်ရောက်မှုတွေကတော့ အပြောင်းအလဲရှိနိုင်ပါသေးတယ်။
 
” စိတ်တော့ ပူတာပေါ့၊ ဟိုတလော နာဂစ်တုန်းကလည်း တခါခံထားရပြီးပြီလေ ” လို့ ချောင်းသာကမ်းခြေနေ ထိုင်သူတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – CJ