အရာတော်မြို့နယ်က LPDF လက်နက်ထုတ်လုပ်ရေးစခန်း အပူလွန်ပြီး မီးလောင်

 

မေ၊ ၉
 
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Danger Force (LPDF) အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းဟာ မေလ ၉ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ မီးလောင်ပျက်စီးသွားတယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
” ရာသီဥတုက ပူတော့ အပူတအားများပြီး ဝါယာရှောခ့်ထဖြစ်ရာကနေ လောင်တာပေါ့၊ တခုမှရစရာမရှိအောင် အကုန်ပါသွားတယ်၊ ရဲဘော်တွေရဲ့ဖုန်းတွေကအစ၊ တွင်ခုံတွေရော၊ ယမ်းတွေကလည်း ရှိတော့ မီးကမြန်တယ်၊ ဘာမှမလုပ်နိုင်လိုက်တဲ့ အခြေအနေဆိုတော့ ထိုင်ပဲကြည့်နေရတာ ” လို့ Danger Force LPDF တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီထုတ်လုပ်ရေးစခန်းဟာ မိုင်းနဲ့လက်နက်ကြီးကျည် အဓိကထုတ်လုပ်ပြီး လက်လုပ်သေနတ် စတာတွေထုတ်လုပ်နေတဲ့ စခန်းလည်းဖြစ်တယ်လို့ သိရပါတယ်။
 
ထုတ်လုပ်ရေးစခန်းတွင်း မီးလောင်တာကြောင့် ကျပ် ၂၅ သိန်းတန် တွင်ခုံ တခု၊ ၁၀ သိန်းတန် ဂဟေပုံး ၂ ပုံး ၊ ၃ သိန်း ၅ သောင်းတန် ဖြတ်စက် ၁ လုံး၊ ထုတ်လုပ်ရေးတပ်ဖွဲ့ဝင်များရဲ့ လက်ကိုင်ဖုန်းတွေအပါအဝင် ထုတ်လုပ်ရေးပစ္စည်းအများအပြား မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုစုစုပေါင်းကျပ် သိန်း ၇၀ ခန့်ရှိတယ်လို့ သိရပါတယ်။
 
အဲ့ဒီ့လိုအပူချိန်မြင့်တက်မှုကြောင့် အရာတော်မြို့နယ်မှာ ၂၀၂၂ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ် မေလအထိ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထုတ်လုပ်ရေးစခန်းငါးခုထက်မနည်း မီးလောင်ပျက်ဆီးခဲ့ရပြီး တချို့စခန်းတွေဟာ လက်နက်ကြီး၊ ဗုံးသီး၊ လက်လုပ်သေနတ်တွေပါတဲ့အတွက် သိန်းထောင်နဲ့ချီဆုံးရှုံးတာလည်းရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
 
” ဒီဖက်တွေမှာကလဲ သိတဲ့အတိုင်းတချို့အအေးခန်းနဲ့ထားရမယ့်ပစ္စည်းတွေကိုအအေးခန်းနဲ့မထားနိုင်၊ ဒီလိုပဲထားရတော့၊ ဒါမျိုးကဘယ်လောက်ပဲ သတိထားထား မကြာခနဖြစ်တာပဲ၊ ကျတော်တို့ဆို ခုဒီလောက်ပူတဲ့အရှိန်နဲ့က အမြဲတမ်းစိုးရိမ်နေရတယ် ” လို့ ပြောပါတယ်။
 
စစ်ကောင်စီရဲ့ အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ကိုယ်ပိုင်လက်နက်ထုတ်လုပ်ရာမှာ၊ စမ်းသပ်ပစ်ခတ်ရာမှာ ပေါက်ကွဲမှုတွေဖြစ်လို့ သေဆုံးမှုတွေ၊ ဆုံးရှုံးမှုတွေရှိသလို အခုလို မီးလောင်တာကြောင့်လည်း ဆုံးရှုံးမှုတွေရှိနေတာပါ။
 
အဲ့ဒီလိုပျက်ဆီးဆုံးရှူံးမှုကြောင့် စစ်ကောင်စီတပ်တွေကို အဓိကထား ခုခံတိုက်ခိုက်နေရတဲ့ မိုင်းတွေ၊ လက်နက်ထုတ်လုပ်ရေးမှာ အဓိကကျတဲ့ တွင်ခုံတွေ လျော့နည်းသွားတဲ့အတွက် တိုက်ပွဲဖော်ဆောင်ရာမှာ အားနည်းချက်တွေရှိလာနေတာလို့်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
 
” ဒီလိုတိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အချိန်မှာ ကျတော်တို့အတွက် ဒါကဆုံးရှူံးမှုများတယ်လို့ ပြောရမယ် ” လို့ Danger Force LPDF အဖွဲဲ့က တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ 
ဓာတ်ပုံ – အရာတော်ပို့စ်