ရေဦးမြို့က စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မေ၊ ၉ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ် ရေဦးအနောက်ဖက်ခြမ်းရှိ တင်းတိန်ရံ ဈေးအနီးက ထန်းတောဗောဓိကျောင်းကို စစ်အုပ်စုက လေကြောင်းကတဆင့် ဒီကနေ့မေလ ၉ ရက် နေ့လယ် ၂ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်တဲ့ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပညာရေးအစီအစဉ်အရ ဖွင့်ထားတဲ့စာသင်ကျောင်းဖြစ်ပြီး စစ်အုပ်စုက တိုက်ပွဲမရှိပဲ လေကြာင်းက တိုက်ခိုက်ခဲ့လို့ ဒေသခံတွေ စိုရိမ်ပူပန်နေရသလို တချို့ကလည်း ထွက်ပြေးနေတယ်လို့ သိရပါတယ်။

” ထန်တောရွာမှာရှိတဲ့ ဗောဓိကျောင်းကို အဓိကထားပစ်တာဗျ။ အဲဒီကျောင်းထဲမှာ ကလေးငယ်တွေလည်း ကျောင်းတက်နေကြတာရှိပါတယ်။ အဲဒီနားဝန်ကျင်က ကလေးတွေပေါ့ဗျ။ စာသင်ကျောင်းကို လေကြောင်းကတိုက်ခိုက်တာပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တွန်းလှန်နေတဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့နယ်တချို့ရှိ ကျေးရွာတွေမှာ ဒေသခံ ကလေးငယ်တွေကို စာသင်ပြပေးမယ် ဆရာနဲ့ ရွာခံလူတွေ အဆင်ပြေတဲ့အချိန်ကို ညှိနှိုင်းပြီး ကျောင်းဖွင့်ကြလေ့ရှိသလို စာသင်ရိုးတွေကိုလည်း မူလအတိုင်းပဲ သင်ကြားလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်ကို အသုံးပြုပြီး ဗောဓိကျောင်းကို ဗုံးသုံးလုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းအတွင်း ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထန်တောရွာထဲမှာ တလုံးကျခဲ့ပေမယ့် ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ သူကပြောပါတယ်။

စစ်အုပ်စုက လေကြောင်းက တိုက်ခိုက်ချိန်မှာ စာသင်ကျောင်းက ကျောင်းဆင်းချိန်ပြီးသွားတဲ့အတွက် လူထိခိုက်မှုမရှိပေမယ့် ဗောဓိကျောင်းအုတ်တံတိုင်း၊ လုပ်သားကျောင်းဆောင်နဲ့ စာကြည့်တိုက်တို့ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခြားနယ်တွေမှာလို တော်လှန်ရေးအဖွဲ့တွေ အစည်းအဝေးလုပ်ဖို့ စုရုံးတာမျိုးမဟုတ်ပဲ ကလေးငယ်တွေ စာသင်တာကို လေကြောင်းက လာပစ်တာဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ ယူဆကြောင်းနဲ့ ဗုံးကြဲခံရတဲ့နေရာမှာ တော်လှန်ရေးအဖွဲ့တွေ စခန်းချတဲ့နေရာမဟုတ်ဘူးလို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

” အရင်ကလည်း ဒီပဲယင်းနယ် လက်ယက်ကုန်းကျေးရွာကို သတင်းအမှားတွေနဲ့ ဝေဟင်က တိုက်ခိုက်ခဲ့ဖူးတယ်။ ဒီလိုဖြစ်စဉ်လည်း ရှေ့မှာရှိဖူးတော့ ကလေးတွေအကြောက်တရားရအောင် ကျောင်းသူကျောင်သားတွေ စာသင်ချိန် မညှာမတာ လာပစ်တယ်လို့ ပြောရမှာပါ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းတကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁၁ ဦးနဲ့ ၁၄ ဦးကြားသေဆုံးရာမှာ ကလေးငယ်ခြောက်ဦးပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Myanmar Witness ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါသေးတယ်။

အဲဒီဖြစ်စဉ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာက ခေါင်းဆောင်တွေက အာဏာသိမ်းစစ်အုပ်စုကို ပြစ်တင်ဝေဖန်ခဲ့ပါသေးသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရှုတ်ချခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက စစ်အုပ်စုဆီကို လေယာဉ်ဆီတွေမရောင်းဖို့အပါအဝင် လေကြောင်းမပျံသန်းရဇုန်တွေ သတ်မှတ်ဖို့ ဆေးရုံတွေ၊ ကျောင်းတွေအပါအဝင် အရပ်သားတွေကို လေကြာင်းပစ်မှတ်ထားတိုက်ခိုက်တာတွေ အရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံ – CJ

ပုံစာ-ပြီးခဲ့တဲ့နှစ်က ဒီပဲယင်းမြို့ လက်ယက်ကုန်ကျေးရွာ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲချပြီး တွေ့ရစဉ်။