အာဆီယံသံတမန်တွေပါတဲ့ယာဥ်တန်းပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးနေတယ်လို့NUGပြော

မေ၊ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ မနေ့က စင်္ကာပူနဲ့ အင်ဒိုနီးရှား သံအရာရှိတွေ၊ လူသားချင်းစာနာမှု အကူအညီ ပေးရေးဆိုင်ရာ အာဆီယံ ညှိ နှိုင်းရေးစင်တာက တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရတဲ့ပေါ် ဝန်ကြီးဌာန နှစ်ခုက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ အ မျိုးသားညီညွတ်ရေး အစိုးရက သတင်းထုတ်ပြန်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က အဲဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဒီကနေ့ မေလ ၈ ရက်မှာ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေး အစိုးရဖြစ်စေ၊ မိတ်ဖက်တွေက ဖြစ်စေ အမိန့်ပေးစေခိုင်ခဲ့မှု မရှိသလို ဒီဖြစ်စဉ်ကို လျစ်လျှူရှုမျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

“အဲဒီကိစ္စမှာ PDF တွေ၊ ပကဖတွေ ပါဝင်ပတ်သက်ခြင်း လုံးဝ မရှိဘူး၊ ဒီလိုမျိုး လူသားခြင်း စာနာထောက်ထားမှု အကူအညီတွေ သွားရောက်ပေးအပ်မယ့် ယာဉ်တန်း၊ ပြီးတော့ နိုင်ငံတကာက Diplomatic တွေ ပါဝင်တဲ့ ယာဉ်တန်းကို တိုက်ခိုက်တဲ့ ကိစ္စကို NUG အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြော ရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ 

 စင်္ကာပူသံရုံးက အရာရှိနှစ်ဦး၊ အင်ဒိုနီးရှားသံရုံးက အရာရှိနှစ်ဦးနဲ့လူသားချင်းစာနာမှု အကူအညီ ပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Center) က တာဝန်ရှိသူသုံးဦးနဲ့ စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းတွေ ပါဝင်တဲ့ အဲဒီယာဉ်တန်းဟာမေလ ၇ ရက် မနေ့က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်- ဆိုက်ခေါင်လမ်းမပေါ်မှာ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ 

ဆီဆိုင်မြို့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးမှာ စစ်ရှောင်တွေကို ကူညီရေးအတွက် ဆွေးနွေးဖို့ သွားတဲ့ လမ်းမှာ ပစ်ခတ်ခံရတာဖြစ်ပြီး သံတမန်ယာဉ်တန်းဟာ စစ်ရှောင်တွေနဲ့ တွေ့ခွင့် မရဘဲ လှည့်ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။ 

NUG အစိုးရအနေနဲ့ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့ နယ်ထဲမှာ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ဥပဒေရေးရာနဲ့  အချက်အလက်တို့နဲ့ စပ်လျဉ်းလို့ ဂရုတစိုက် ဆောင်ရွက်သွားမှာဖြစ်ပြီး ရလာဒ်တွေကို ပွင့်လင်းမြင်သားမှု ရှိစွာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဂျနီဗာ ကွန်ဗင်းရှင် အပါအဝင်  နိုင်ငံတ ကာစည်းမျဉ်းဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဘေးကင်းလုံခြုံစွာ ဖြန့်ဝေသွားနိုင်ရေး အစဉ်ပံ့ပိုးဆောင်ရွက်မယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဆီဆိုင်မှာ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုနဲ့ပတ် သက်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းတယ်လို့ ရိုက်တာသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။ 

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်ကတော့ အခင်းဖြစ်တဲ့ နေရာဟာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာဖြစ်သလို ပြောက်ကျားစစ်တိုက်ခိုက်ဖို့လည်း အဆင်ပြေတဲ့ နေရာမျိုးမဟုတ်ဘူးလို့ PVTV ကို ပြောထားပါတယ်။ 

ဒါကြောင့် NUG ရဲ့ PDF တွေတင်မက တခြားသော တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်တယ် ဆိုတဲ့ ကိစ္စဟာ ပထဝီအနေအထားအချက်အလက်တွေနဲ့ တပ်စွဲထားတဲ့အနေအထားတွေအရ မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။ 

စစ်ရှောင်တွေနဲ့ အာဆီယံသံတမန်တွေ တွေ့ဆုံဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေမှာပါဝင်တဲ့ PNLO တပ်ဖွဲ့ဘက်က တော့ မနေ့က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြားက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြေးနေရတဲ့ အရပ်သား ရှစ်ထောင်လောက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောထားပါတယ်။