မေ၊ ၈
ကလေးတွေ အများအပြား သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှု တခုနဲ့ ကြုံတွေ့ခဲ့တဲ့နောက် ဆာဘီးယား ပညာရေးဝန်ကြီးဟာ ရာထူးကနေ တာဝန်ယူ နုတ်ထွက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဘဲလ်ဂရိတ် မြို့တော်ထဲက အခြေခံ ကျောင်းတခုမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသား တဦးက ပစ်ခတ်မှုကြောင့် သူနဲ့ သက်တူရွယ်တူ ဝန်းကျင် ကျောင်းသူ ကျောင်းသား ၈ ဦး အပါအဝင် လုံခြုံရေး ဝန်ထမ်းတဦးပါ သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အပြီး နောက်တနေ့မှာပဲ အသက် ၂၀ ကျော်အရွယ် လူငယ် တဦးက ဘဲလ်ဂရိတ် မြို့ပြင်နားမှာ ရမ်းကား ပစ်ခတ်မှုတွေကြောင့် နောက်ထပ် လူ ၈ ဦး သေဆုံးခဲ့ပြန်ပါတယ်။
သီးခြားဖြစ်စဉ် နှစ်ခုက သံသယ တရားခံ နှစ်ယောက်စလုံးကို လောလောဆယ် ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။ ဆာဘီးယား နိုင်ငံရဲ့ ဥပဒေတွေအရ အသက် ၁၄ နှစ်အောက် အရွယ်တွေကို ရာဇဝတ်ကြောင်းနဲ့ စွဲချက်တင်ခွင့် မရှိတာကြောင့် စာသင်ကျောင်း ပစ်ခတ်မှု သံသယ တရားခံဟာ ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးကနေ လွတ်မြောက်သွားဖို့ ရှိနေပါတယ်။
ပစ်ခတ်မှု သတင်းဆိုးနှစ်ခုကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရခြင်းအပေါ် ဆာဘီးယား ပြည်သူတွေက ဒေါသတကြီး ဝေဖန် တုံ့ပြန်မှုတွေလည်း ရှိနေပါတယ်။ မေလ ၇ ရက်မှာတော့ ဆာဘီးယား ပညာရေးဝန်ကြီး ဘရန်ကို ရူဇစ်က စာသင်ကျောင်း ပစ်ခတ်မှုမှာ ကလေးတွေ အသက်ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်လို့ သူ့တာဝန် မကင်းဘူးလို့ ဆုံးဖြတ်ပြီး ရာထူးက နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
သူဟာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကို နားလည်သိရှိအောင် ကောင်းကောင်း ပျိုးထောင်ခြင်း ခံခဲ့ရသူ တဦးဖြစ်ကြောင်း၊ သူအခုလို ရာထူးက နုတ်ထွက်တာဟာ မိဘတဦး၊ ဝန်ကြီးတယောက်၊ ပြီးတော့ ဆာဘီးယား ပြည်သူ တယောက်အနေနဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့ ရွေးချယ်မှုလို့ ယုံကြည်ကြောင်း ရူဇစ်က ဆိုပါတယ်။
တဖက်မှာတော့ အတိုက်အခံ နိုင်ငံရေး ပါတီတွေက ဒီလို ပစ်ခတ်မှုကြီး နှစ်ခုကို တားဆီးနိုင်ခဲ့သင့်ပေမယ့် ပျက်ကွက်ခဲ့တယ်လို့ ဝန်ကြီးချုပ် အန်နာ ဘရန်ဘစ်ရဲ့ အစိုးရကို ပြစ်တင် ဝေဖန်ပြီး မေလ ၈ ရက် ညနေပိုင်းကျရင် ဘဲလ်ဂရိတ် မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စုဝေးပြုလုပ်ဖို့ နှိုးဆော်နေပါတယ်။ အဲဒီ ဆန္ဒပြမှုတွေမှာ ရူဇစ် နုတ်ထွက်ရေး ကိစ္စကိုပါ ထည့်သွင်း တောင်းဆိုမှာ ဖြစ်ပေမယ့် ရူဇစ်က ကြိုတင် နုတ်ထွက်သွားခဲ့တာပါ။
ဆာဘီးယားမှာ သေနတ်တွေ ဝယ်ယူပိုင်ဆိုင်ထားကြတာ အဆန်းမဟုတ်ပေမယ့် လက်နက် ကိုင်ဆောင်ခွင့် ဥပဒေတွေက အတော်လေး တင်းကျပ်ထားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဆာဘီးယား အပါအဝင် ယူဂိုဆလားဗီးယား ပြည်ထောင်စုက ဆင်းသက်လာတဲ့ ဥရောပ နိုင်ငံတချို့ဟာ စစ်ပွဲကာလလက်ကျန် စစ်လက်နက်တွေ အများအပြား နိုင်ငံသားတွေ လက်ထဲ ပျံ့နှံ့ ရောက်ရှိနေတဲ့ အခြေအနေကို ဖြေရှင်းဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
Ref: Reuters