မေ၊ ၈
မကွေးတိုင်း ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မင်းရွာဘက်မှာ မနေ့က ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းက လမ်းမှာတွေ့တဲ့ ပြည်သူတဦးကိုပစ်သတ်ပြီး သေဆုံးသူဆီက ဖုန်းကိုလည်းယူသွားတယ်လို့ သိရပါတယ်။
” အသက်ခြောက်ဆယ်ဝန်းကျင်လောက်ရှိပြီ၊ သူ့သားသမီးတွေ စစ်တပ်ထဲမှာရှိတယ်၊ ဘယ်လိုဖြစ်ပြီး အသတ်ခံလိုက်ရတယ်တော့ မသိဘူး ” လို့ ဂန့်ဂေါဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ့ရဲ့သားဖြစ်သူဟာ စစ်ကောင်စီတပ်မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ဒေသခံရဲ့ပြောဆိုချက်အရသိရပြီး ဘယ်နေရာမှာ ဘာတာဝန်နဲ့ထမ်းဆောင်နေတယ်ဆိုတာတော့ မသိရသေးပါဘူး။
ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်းကတော့ အထိနာခဲ့တဲ့စစ်ကြောင်းဟာ လမ်းမှာတွေ့တဲ့ စစ်ရှောင်တဲက ပြည်သူတဦးကို ပစ်သတ်ပြီး ဖုန်းကိုယူသွားတယ်လို့ ဖော်ပြထားပါတယ်။
မင်းရွာရဲစခန်းကိုရောက်နေတဲ့ ဂန့်ဂေါမြို့ ခ.လ.ရ ( ၅၀) က စစ်ကောင်စီစစ်ကြောင်းဟာ မေ ၇ ရက်က ဂန့်ဂေါမြို့ဘက် ပြန်လည်ထွက်ခွာရာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကာ မင်းရွာကိုပြန်လည်ဆုတ်ခွာသွားတာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မင်းရွာရဲစခန်းက ရဲနှစ်ဦး မေ ၃ ရက်ညနေပိုင်းက မြစ်သာမြစ်ထဲရေချိုးဖို့ဆင်းလာစဥ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီး နောက်တရက်မေ ၄ ရက်မှာ ဂန့်ဂေါမြို့ပေါ်ကနေ မင်းရွာကို စစ်ကောင်စီစစ်ကြောင်းထွက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မင်းရွာကိုမရောက်ခင်မှာ တကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တဦးသေဆုံးခဲ့သေးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ မင်းရွာရဲစခန်းကနေ ဂန့်ဂေါဘက်ကို ပြန်ထွက်ခွာလာပြီး ဝက်ချီပါရွာနဲ့ ပေါ်လယ်ရွာကြား ရောက်နေတယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
ဓာတ်ပုံ – GOogle