အမှားကျူးလွန်ခဲ့ပေမယ့် ဒဟေးယားအတွက် မစိုးရိမ်ဘူးလို့ တန်ဟက်ဂ်ပြော

မေ၊ ၈

အသင်းအတွက် နစ်နာစေတဲ့ အမှားကြီးတခု ကျူးလွန်ခဲ့တဲ့တိုင် ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ လက်စွမ်းနဲ့ ပတ်သက်လို့ စိုးရိမ်မနေဘူးလို့ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း ယူနိုက်တက်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့နောက် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး မျှော်လင့်ချက်တွေအတွက် အတော်လေး ချွေးပျံရမယ့် အခြေအနေ ကြုံလာပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်၊ ဝက်စ်ဟမ်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ခုဆက်တိုက်မှာ ကစားသမား တဦးချင်းစီရဲ့ ဆိုးရွားတဲ့ အမှားတွေကြောင့် ၁-၀ ဆိုတဲ့ ရလဒ်တွေနဲ့ချည်း အရေးနိမ့်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာလည်း စပိန်ဂိုးသမား ဒဟေးယားဟာ ပြိုင်ဘက် ကစားသမား ဆာ့ဒ်ဘန်ရာမာရဲ့ အားသိပ်မပါလှတဲ့ ကန်ချက်ကို မသပ်မရပ် ဖမ်းခဲ့ရာက ဂိုးပေးလိုက်ရပြန်ပါတယ်။ လာမယ့်ရာသီမှာ ဒဟေးယားဟာ ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမားအဖြစ် ဆက်ရှိမရှိ ပရိသတ်တွေကြား ဝေဖန် မှန်းဆချက်တွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာ ကစားသမား ကိုယ်တိုင်က အခုလို အမှားမျိုး ထပ်ကျူးလွန်မိခဲ့တာ ဖြစ်ပါတယ်။ အခုရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေးလိုက်ရတဲ့ တဦးချင်း အမှားမျိုး ကျူးလွန်မှုတွေမှာ ဒီဂီယာက ၄ ကြိမ်ထိ ရှိခဲ့ပြီး အရေအတွက် အများဆုံးအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမဲ့ နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်ကတော့ သူ့ကစားသမားဖက်က ဖေးဖေးမမနဲ့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ဒဟေးယားဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးမပေးရတဲ့ Clean Sheetပွဲစဉ် အများဆုံး ပိုင်ဆိုင်ထားတဲ့ ဂိုးသမားဖြစ်ကြောင်း၊ ဒဟေးယားသာ မပါရင် ယူနိုက်တက်ဟာ လက်ရှိ အဆင့်မှာတောင် ရပ်တည်နေဖို့ မလွယ်ကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။

ဒါကြောင့် သူက ဒဟေးယားအပေါ် ယုံကြည်မှု အပြည့်ရှိနေဆဲ ဖြစ်သလို သူ့အတွက် ဘာမှ မစိုးရိမ်ကြောင်း၊ လူတိုင်းက အမှားမကင်းကြောင်း၊ အရေးကြီးတာက ကိုယ်တာဝန်ယူ ကစားပေးနေတဲ့ အသင်းရဲ့ အနေအထားအပေါ် မူတည်ပြီး စိတ်ဓာတ်ကောင်းကို ပြသဖို့ဖြစ်ကြောင်း၊ ယူနိုက်တက်ဟာ အရှုံးတွေကနေ ပြန်ရုန်းထဖို့ လိုနေပြီး သူ့ကစားသမားတွေကလည်း လုပ်ပြနိုင်မယ်လို့ ယုံကြည်ကြောင်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ဂိုးသမားအသစ် တချို့ကို ခေါ်ယူဖို့ စျေးကွက်ထဲမှာ လိုက်လံရှာဖွေ ချိတ်ဆက်နေပေမယ့် အသက် ၃၂ နှစ်အရွယ် ဒဟေးယားကို အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးမှာ ဆက်ရှိစေချင်တယ်လို့လည်း တန်ဟက်ဂ်က ဆိုပါတယ်။ ဒဟေးယားကို အသင်းမှာ ဆက်မြင်ချင်ကြောင်း၊ သူက အသင်းနဲ့ သက်တမ်းတိုး စာချုပ်ဖို့ မျှော်လင့်ထားကြောင်းလည်း တန်ဟက်ဂ်က ဖွင့်ဟသွားပါတယ်။

 

Ref: ESPN