မေ ၊ ၇
တရုတ်-မြန်မာစီးပွားရေးစင်္ကြန်မြို့နယ်တွေမှာ အာဏာသိမ်းပြီးနောက်တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပေမယ့် မဟာဗျူဟာကျတဲ့တရုတ်စီမံကိန်းတွေတည်ရှိတဲ့နေရာအများအပြားနဲ့ တရုတ်-မြန်မာနယ်စပ်တကြောမှာ တိုက်ပွဲဖြစ်မှုနည်းပါးခဲ့တယ်လို့ သုတေသနအဖွဲကတခုဖြစ်တဲ့ ISP-Myanmarက ဒီကနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်အထိတရုတ်-မြန်မာစီးပွားရေးစင်္ကြန်ဒေသစီမံကိန်းတွေအကောင်အထည်ဖော်ဖို့စီစဉ်ထားတဲ့ပြည်နယ်နဲ့တိုင်းရှစ်ခုက မြို့နယ် ၄၃ ခုမှာတိုက်ပွဲပေါင်း ၃၀၁ ပွဲထက်မနည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာတိုက်ပွဲပေါင်း ၁၀၁ ကြိမ်ထက်မနည်းဖြစ်ခဲ့သလို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလအထိ ဆယ်လအတွင်း တိုက်ပွဲပေါင်း ၂၀၀ ထက်မနည်းဖြစ်ပွားပြီးနှစ်ဆနီးပါးများပြားလာတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။
အဲဒီလိုတိုက်ပွဲဖြစ်ပွားတာမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာအများဆုံးဖြစ်ခဲ့ပြီးတလတည်းမှာပဲ တိုက်ပွဲပေါင်း ၂၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် တရုတ်စီမံကိန်းကြီးတွေနဲ့စီးပွါးရေးစကြင်္န်ဖြတ်သန်းသွားမယ့်မြို့နယ်တွေမှာတိုကိပွဲဖြစ်တာနည်းပါးပြီး တိုက်ပွဲ၄၈ပွဲသာ ဖြစ်ပွါးတယ်လို့အဲဒီသုတေသနအဖွဲကအစည်းရဲ့ ထုတ်ပြန်ချက်မှာဆိုပါတယ်။
တရုတ်နိုင်ငံဟာ မဟာဗျူဟာစီမံကိန်းတွေဖြစ်တဲ့ မြစ်ဆုံဆည်၊ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်း၊မီးလင်းချိုင်စွမ်းအင်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းစတာတွေအပါအဝင် စီမံကိန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲဒီစီမံကိန်းတွေကိုတရုတ်နိုင်ငံဟာ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်ရှစ်ခုမှာအကောင်အထည်ဖော်နေတာလို့လည်း သိရပါတယ်။
တရုတ်နဲ့နီးစပ်တယ်လို့ ရည်ညွှန်းခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက တဆင့်ပါ သူရဲ့ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေး၊ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးဖြန့်ကျက်နိုင်ဖို့နဲ့ မြန်မာက ပဋိပက္ခတွေ နယ်စပ်ကိုမကူးလာနိုင်အောင် ကန့်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုအလွန်မှာတရုတ်နိုင်ငံဟာမြေပြင်မှာရှိတဲ့သူ့အကျိုးစီးပွားတွေကို ပဋိပက္ခနဲ့ ခွာခြင်းလုပ်ဆောင်ချက်ကို အောင်မြင်အောင်လုပ်ဆောင်ပြီးမဟာဗျူဟာအခင်းအကျင်းတွေအားလုံးအဆင်သင့်ဖြစ်ချိန်မှာမြန်မာနိုင်ငံခရီးစဉ်တွေဆက်တိုက်ဖြစ်လာတယ်လို့ သုံးသပ်ထားပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းမှုကာလအလွန်အစောပိုင်းတွေက ရုရှနိုင်ငံနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရှိလာခဲ့ပြီးတရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု အေးစက်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောကြ ပါတယ်။
ဒါပေမယ့် အခုနှစ်မှာတော့ တရုတ်နဲ့ ဆက်ဆံရေးတွေ့ဆုံမှုစိပ်လာပြီး နှစ်ဖက်ထိတွေ့မှု ၁၄ကြိမ်မှာ ၂၀၂၃ ခုနှစ်အတွင်း ၇ ကြိမ်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာအာဏာရှင်ဟောင်းဦးသန်းရွှေ၊ သမ္မတဟောင်းဦးသိန်းစိန်တို့နဲ့ပါ တွေ့ဆုံထားပါတယ်။
ဒီလိုတွေ့ဆုံမှုတွေဟာ မြန်မာ့နိုင်ငံရေးထွက်ပေါက်သစ်မြန်မြန်ရှာစေချင်တဲ့ တရုတ်နိုင်ငံရဲ့နိုင်ငံချင်းဆက်ဆံရေးအဆင့်မျာ မူဝါဒအသစ် ပြန် အထိုင်ချတာဖြစ်နိုင်တယ်လို့ ISP-Myanmar က သုံးသပ်ထားပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပြီးအခြေခံဥပဒေမူဘောင်အတွင်းက ဆွေးနွေးညှိနှိုင်းရေး၊ NLD မဖျက်ရေးစတဲ့နိုင်ငံရေးချဉ်းကပ်မှုလမ်းဟောင်းကိုအချိန်အကန့်အသတ်မရှိမျှော်လင့်မဲ့ပုံမရှိတော့ပဲ ရွေးကောက်ပွဲကျင်းပရေးလိုနိုင်ငံရေးထွက်ပေါက်ရှာစေချင်တာဟာ တရုတ်နိုင်ငံရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာအဓိကကျလာပုံရတယ်လို့လည်း ဆိုထားပါတယ်။
မြန်မာပြည်တွင်းလုံခြုံရေးအခြေအနေဟာဆိုးရွားနေဆဲဖြစ်ပေမဲ့ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကြီးကြီးမားမားထိခိုက်လောက်တဲ့အနေအထားမဖြစ်နိုင်အောင်ထိန်းထားနိုင်ပြီး တရုတ်နိုင်ငံက ယူဆနေပုံရတယ်လို့ လည်း သုံးသပ်ထားပါတယ်။