မေ ၊ ၇
ဧရာဝတီတိုင်း၊ကျုံပျော်မြို့ ၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုကို လာစစ်တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ ဗုံးထပ်ပေါက်တာကြောင့် ရဲမှူးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ မနက်က အုပ်ချုပ်ရေးမှူးရုံးထဲမှာ ဗုံးပေါက်တာ၊ အသံကျယ်တယ်၊ အဲဒါဗုံးပေါက်တော့ တာဝန်ရှိတဲ့သူတွေ လာစစ်ကြတယ်၊ အဲချိန်မှာပဲ ရုံးရှေ့က ကွင်းပြင်မှ တစ်လုံးထပ်ပေါက်တယ်၊ ရဲတွေ ရှိနေတဲ့ ဗုံးအနားလောက်မှာပဲ အုပ်ချုပ်ရေးမှူးရုံးကနေထွက်လာရင် လမ်းထိပ်နားမှာ နောက်ထပ်တစ်လုံးပေါက်ကွဲတယ်၊ အဲမှာမှ ရုတ်ရုတ်သဲသဲဖြစ်နေကြတာ၊ ရဲမှူးနဲ့ ရဲတပ်သားတဦးက ထိသွားတယ်လို့ ပြောတယ်။ ဘယ်သူက သွားကြည့်ရဲမတုန်း ကောင်လေးရယ်၊ သွားရင် ငါပါဖမ်းခံနေရမှာပေါ့။” လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့်ရဲမှူးအပါအဝင်တပ်ဖွဲ့ဝင်နှစ်ဦးဟာ ဒဏ်ရာများပေမယ့် စိုးရိမ်စရာမရှိဘူးလို့လည်းသိရပါတယ်။
ဒီကနေ့ နံနက် ၈ နာရီခွဲခန့်က ကျုံပျော်မြို့ အောက်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းမှာရှိတဲ့ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲမှာ လက်လုပ်မိုင်းတလုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပြီး မိနစ် ၂၀ ကျော်ခန့်မှာ ရုံးရှေ့တည့်တည့်မှာ မြေကြီးမှာ မြုပ်ထားတဲ့ လက်လုပ်မိုင်းတလုံးထပ်မံပေါက်ကွဲခဲ့တာပါ။
ယင်းနောက် မိနစ် ၂၀ ခန့်အကြာမှာပဲ အောင်ဆန်းရပ်ကွက်ရုံးအဝင်အထွက်လမ်းပေါက်မှာ တတိယအကြိမ်မြောက် လက်လုပ်မိုင်း တလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ပထမနဲ့ ဒုတိယအကြိမ်လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦအတွင်းရှိ ပစ္စည်းနဲ့ စာရွက်စာတမ်းတချို့သာ ပျက်စီးမှုရှိခဲ့ ပေမယ့် တတိယအကြိမ်ပေါက်ကွဲမှုမှာတော့ အခင်းဖြစ်ရပ်နေရာကို လာစစ်တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနဲ့ တပ်ဖွဲ့ဝင် တဦးတို့က ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ပါတယ်။
“ ရုံးမှာက ဘယ်သူမှ မရှိနေဘူး၊ ပေါက်တဲ့အချိန်ကလေ၊ လာတာက စစ်သားတွေရော၊ ရဲတွေရောပါ၊ ကားနဲ့ဆိုင်ကယ်နဲ့ ရောက်လာကြတယ်၊ ထိတာက ရဲမှူးနဲ့ နောက်တဦးပါပဲ၊ တချို့ပြောနေကျတာ ရဲမှူးက ဒဏ်ရာအများကြီးရသွားတယ်၊ နောက်တစ်ယောက်က နည်းနည်းပဲလို့ ပြောနေတာကြားတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲနောက် စစ်ကောင်စီတပ်တွေက ပေါက်ကွဲမှုဖြစ်ပွားရာနေရာနဲ့ ကျေးရွာအဝင်အထွက်လမ်းမတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာ တွေ လုပ်ဆောင်ခဲ့ပြီး အရပ်သားတချို့ကိုလည်း စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“ သတင်းကြားတာနော်၊ အခု ရွာမှာ ဖမ်းခံရတာရှိတယ်တဲ့၊ အဲအနားမှာ နေတဲ့ သူတွေလည်း အပြင်မထွက်ရဲဖြစ်နေကြတာ၊ သုံးလေးယောက်လောက်ဖမ်းသွားတယ်တဲ့။ အမတို့လည်း မသိဘူး၊ ဘယ်သူတွေလည်း ဆိုတာ။” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေပြောဆိုချက်နဲ့ပတ်သက်ပြီးတော့ DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။