မေ ၊ ၇
ထိုင်းနိုင်ငံ၊မှာနေထိုင်တဲ့ NLD မြို့နယ်အလုပ်အမှုဆောင်တဦးကို ငါးနှစ်အရွယ်ကလေးတဦးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှု သံသယနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG ကဖမ်းဆီးစစ်ဆေးနေတယ်လို့ NUG တာဝန်ရှိသူတွေရဲ့ပြောဆိုထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ဆေးခံရသူဟာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်တဦးဖြစ်ပြီး လက်ရှိ ထိုင်းနိုင်ငံမဲဆောက်မှာရှိတဲ့ အတူနေတိုက်တန်းလျားမှာနေထိုင်တဲ့ CDM ဆရာမတဦးရဲ့ ငါးနှစ်အရွယ်ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာထိပါးမှုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မိခင်ဖြစ်သူက NUG ကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။
‘’ သူတို့က အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ တရားရေးဝန်ကြီးဌာနကိုတိုင်ကြားထားတာပေါ့။ကျွန်တော်တို့လွှတ်တော်ဘက်ကိုတော့ တိုင်စာမိတ္တူရောက်ပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုအတွက် တိုင်ကြားထားတဲ့ တရားရေးနဲ့ တိုင်ကြားသူရဲ့ ရှာဖွေမှုပေါ့။ကျွန်တော်တို့ကတော့ ဘယ်ခေတ်ဘယ်အခြေအနေမှာဆို တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်ရေးအတွက် ဆောင်ရွက်မှာပါ။ ဖြစ်စဉ်ကမှန်လားဆိုရင်တော့တရားရေးဆုံးဖြတ်တဲ့အပေါ်မူတည်မှာပါ’’ မဲဆောက်မြို့လို့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်(CRPH) ပြောခွင့်ရ ကိုစည်သူမောင်က DNAကိုပြောပါတယ်။
လက်ရှိမှာတော့ တိုင်ကြားသူမိခင်နဲ့ ကလေးငယ်ကို မဲဆောက်မြို့အခြေစိုက်အသင်းအဖွဲ့တခုကထိန်းသိမ်းစောင့်ရှောက်ထားပြီး မဲဆောက်မြို့ဆေးရုံကြီးမှာ ကလေးငယ်ကို ကျန်းမာရေးဆေးစစ်ချက်လုပ်ထားပြီးအဖြေကိုစောင့်ဆိုင်းနေတယ်လို့လည်း ဆက်သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ‘’မဲဆောက်ကလေးအမှုကို NUG က ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ လွဲမှားမှု အားနည်းမှုရှိရင် NUG ကို အပြစ်တင်ပါ။ကလေးငယ်နဲ့ မိသားစုဝင်တွေရဲ့ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ခံစားရတဲ့သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို လိုင်းပေါ်မတင်ကြဖို့နဲ့ပြန်ဖြုတ်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်’’ လို့ သူရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။