မတ္တရာမြို့ရှိ စစ်အုပ်စုအဖွဲ့ မြစ်ကူးရင်းလှေမှောက်လို့ ခြောက်ယောက်သေဆုံး

မေ၊ ၇
 
မန္တလေးတိုင်း၊ မတ္တရာမြို့အနောက်ဖက် ဧရာဝတီမြစ်ကမ်းပါးဘေးရှိ မြွေပုံကန် ကျေးရွာကို ရောက်ရှိနေတဲ့ စစ်အုပ်စုအဖွဲ့ ဒီကနေ့မနက်ပိုင်းက မြစ်အနောက်ဖက်မှ အရှေ့ဖက်ကမ်းကို လှေနဲ့ကူးစဉ် လှေမှောက်ပြီး ခြောက်ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
 
ဒီကနေ့ မေလ ၇ ရက်၊ မနက် ၂ နာရီလောက်က မြွေပုံကန်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးက ရွာအရှေ့ပိုင်းမှာရှိတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ခွဲတခုဖြစ်တဲ့ ညောင်မြစ်ကိုကူးစဉ် လှေမောက်ပြီး ၆ ဦးသေဆုံးခဲ့တာပါ။
 
” မြစ်ကလည်း ပြောသလောက်မကျယ်ပါဘူး။ ပေ၁၀၀ လောက်ရှိတာပါ။ အဲဒါ့ကို ဒီကောင်တွေက ဒီကနေ့ မနက်ပိုင်းက တိတ်တိတ်လေးတဖက်ကမ်းကို ကူးကြတာပါ။ လှေသမားမပါတော့ မှောက်ပြီး ၆ ယောက်သေသွားတယ်။ အခုလောလောဆယ်တော့ စခ ၃ ကောင်ရဲ့အလောင်းတော့ ပြန်တွေ့ပြီး ကျန် ၃ ကောင်ကတော့ ပျောက်နေဆဲပါပဲ ” လို့ ဒေသခံ တဦးကပြောပါတယ်။
 
စစ်အုပ်စုက ရေနစ်ပျောက်ဆုံးနေတဲ့ သူတို့အဖွဲ့ဝင်တွေကို ကျေးရွာရှိ ဒေသခံရေလုပ်သားတွေကို ဖမ်းဆီးပြီး အတင်းအကျပ်ရှာဖွေခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
” ကြည့်ရတာတော့ ရေမကူးတက်တဲ့ကောင်တွေ သေကုန်တာဖြစ်နိုင်တယ်။ သူတို့က သေနတ်တွေနဲ့ စစ်ဖိနပ်တွေနဲ့ဆိုတော့ ဝိတ်ကပါတယ်လေ။ အဲဒါ့ကြောင့် ရေနစ်ကုန်တာပါ။ အခုရှာမတွေ့သေးတဲ့ သူတို့လူတွေကို ဒေသခံတွေဖမ်းပြီး အတင်းရှာခိုင်းနေတယ် ” လို့ သူက ပြောပါတယ်။
 
မြွေပုံကန်ရွာကို ရောက်နေတဲ့ စစ်အုပ်စုက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စဉ့်ကူးမြို့နယ်မှာ တဆင့်ဝင်ရောက်လာတာဖြစ်သလို လက်ရှိမတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်အုပ်စုက စစ်ကြောင်း ၃ ခုနဲ့ ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း စတဲ့မြိုနယ်တွေနဲ့ ဧရာဝတီမြစ်သာခြားတဲ့ မတ္တရာမြို့အနောက်ဖက် မြစ်ကမ်းပါးက ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်နေသလို တချို့ရွာတွေမှာ စခန်းချပြီး စစ်ကိုင်းဖက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်တာတွေလည်း လုပ်နေတာပါ။
 
ဒီလ ၄ ရက်နေ့ကလည်း မန္တလေးမြို့ရဲ့မြောက်ဖက် မတ္တရာမြို့ရဲ့တောင်ဖက် ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းနားမှာရှိတဲ့ သုံးဆယ်ပေရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ကောင်းကင်တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တွေကြား အပြန်အလှန်ပစ်ခတ်ရင် တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။
 
လက်ရှိ မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာတွေက ဒေသခံတွေက စစ်ပွဲတွေအပါအဝင် စစ်ကောင်စီစစ်ကြောင်းတွေကြောင့် နီးစပ်ရာကျေးရွာတွေကို စစ်ရှောင်အနေနဲ့ သွားရောက်နေထိုင်နေပါတယ်။ 
ဓာတ်ပုံ – Social Media (ပုံဟောင်း)