၂၀၂၃ ပြည်သူ့ဂုဏ်ရည်ဆု သံအမတ်ကြီးဦးကျော်မိုးထွန်းရရှိ

မေ၊ ၆
အခု၂၀၂၃ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ကုလသမ္မဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေး ကော်မတီက မနေ့ မေလ ၆ ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ CDMလှုပ်ရှားမှုကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အခုလို ဂုဏ်ပြုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေး ကော်မတီက အထွေထွေအတွင်းရေးမှူးက ဆိုပါတယ်။
” အခု ၁၄ကြိမ်မြောက်မှာတော့ CDM လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ ရှေ့ဆောင်လုပ်ဆောင်ခဲ့တဲ့ သံအမတ်ကြီးကိုပေးအပ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲပေါ့နော်။ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန်မှာ ပြည်သူလူထုကို မျက်နှာမူပြီး ပြည်သူလူထုအတွက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ထဲမှာ CDMတွေပါခဲ့ပါတယ်။ နောက်ပြီး CDM တွေကို ဦးဆောင်မှုပြုခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ သံအမတ်ကြီးကို ပြည်သူ့ဂုဏ်ရည်အဖွဲ့ ဌာနခွဲအသီးသီးက တင်သွင်းတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အမည်စာရင်းတွေထဲက ဆုရွေးချယ်ရေးအဖွဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်တယ် ” လို့ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးကော်မတီအတွင်းရေးမှူးက DNA ကိုပြောပါတယ်။
 
ပြည်သူ့ဂုဏ်ရည်အသင်းဟာဆိုရင် ၂၀၀၉ ခုနှစ်ကတည်းစတင်ပြီး လူမှုရေးတွေမှာ ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်းထဲက လူပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီးဆုပေးခဲ့တာဆိုရင် အခုတကြိမ်မှာ ၁၄ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာတော့ ပြည်သူ့ဂုဏ်ရည်ဓမ္မဆုအပြင် အလျင်းသင့်ရင် သင့်သလို အခြာဆုတွေပါ ထည့်သွင်းပေးလေ့ရှိပေမယ့် အခုနှစ်မှာတော့ မြန်မာပြည် နွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ အခြေအနေအရပ်ရပ်တွေကြောင့် ပြည်သူ့ဂုဏ်ရည်ပင်မဆု တခုတည်းကိုသာ ရွေးချယ်ဂုဏ်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို ၁၄ ကြိမ်မြောက် ဂုဏ်ပြုမှုနဲ့အတူ မြန်မာပြည်တွင်းရှိ စစ်ဘေးသင့်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်သွားမယ်လို့လည်း ပြည်သူ့ဂုဏ်ရည်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲကို အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ ဦးဆောင်ပြီး၊ မေလ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ မြန်မာနွေဦးတော်လှန်ရေးမှာ နေရာဒေသအသီးသီးက ပါဝင်နေကြတဲ့ မြန်မာပြည်သူတွေ အတွက်ရည်ရွယ်ပြီး ပေးအပ်ခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့အသီးသီးကို ဂုဏ်ပြုချီးမြှင့်ထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။