မေ၊ ၆
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု တုန့်ပြန်ရေးအစီအစဉ် Myanmar Humanatarian response plan အတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်းလိုအပ်ပေမယ့် လက်ရှိအချိန်အထိ ရန်ပုံငွေ ဆယ်ရာခိုင်နှုန်းအောက်သာ ရရှိသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ဒီကနေ့ထုတ်ပြန်ပါတယ်။
အချို့လူသားချင်းစာနာမှုကူညီရေးဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီနှစ်အတွက် ရန်ပုံငွေရရှိတာမရှိသေးပဲ မနှစ်ကလက်ကျန်ရန်ပုံငွေတွေကိုသာ သုံးစွဲနေရပြီး အဲဒီရန်ပုံငွေတွေဟာလည်း မကြာခင်ကုန်ခန်းသွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံအနှံ့က လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေရဲ့ လိုအပ်ချက်ပြည့်မှီဖို့ ရန်ပုံငွေအများအပြားရရှိရေးဟာ အလွန်အရေးပါတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က ဆိုပါတယ်။
နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားနေပြီး အထူးသဖြင့် ကချင်ပြည်နယ်၊ နိုင်ငံရဲ့ အနောက်မြောက်နဲ့ အရှေ့တောင်ဖက်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းရှိပြီိး အဲဒီထဲက ၁ ဒဿမ ၅ သန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအပြီး ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ထပ်တိုးလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း သုံးသိန်းနှစ်ရှစ်ထောင်ဝန်းကျင်ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ရှိနေတာဖြစ်ပြီး အဓိကအားဖြင့် ရခိုင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေကဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းမှုအပြီးကနေ လူနေအိမ်ခြေပေါင်း ခြောက်သောင်းထက်မနည်းဟာ မီးရှို့ဖျက်ဆီးခံထားရတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
” လက်ရှိမြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေတဲ့ ရန်လိုမှုတွေဟာ အရပ်သားတွေကို အန္တရာယ်ဖြစ်စေပြီး လူသားချင်းစာနာမှု လိုအပ်ချက်နဲ့ နေရပ်စွန့်ခွာမှုကို တွန်းအားပေးနေပါတယ် ” လို့ OCHA Myanmar က ဆိုပါတယ်။
ဒါပေမယ့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်တွေဟာ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ စစ်ရှောင်တွေက တောထဲရောက်တာ၊ ခရီးသွားလာခွင့်မပြုတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ကြန့်ကြာနေတာ စတဲ့အချက်တွေကြောင့် နှောင့်နှေးနေတာလည်း ရှိပါတယ်။
ဒါ့အပြင်နေရပ်စွန့်ခွာထွက်ပြေးရသူတွေဟာ အရေးပါတဲ့ အသက်ကယ်ဆယ်ပေးနိုင်တဲ့ အကူအညီတွေ အရေးတကြီးလိုအပ်နေပြီး လူသားချင်းစာနာမှုအကူအညီပေးအပ်တဲ့အဖွဲ့တွေက ပိတ်ဆို့မှု အခက်အခဲတွေကြားကနေ နည်းလမ်းပေါင်းစုံသုံးကာ လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက ကလေးတွေအပါအဝင် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး နေရပ်စွန့်ခွာသူတွေ ထပ်မံပေါ်ပေါက်လာတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်မှာ လူသားချင်းစာနာမှုအကူအညီလိုအပ်သူပေါင်းဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံခန့်ဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆ သန်းရှိပြီး အကူအညီအရေးတကြီးလိုအပ်နေတဲ့ ဦးစားပေးရမယ့်သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ မတ်လက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး မိုးရာသီကာလမှာ ဖြစ်ပွားမှုမြင့်မားတဲ့ အခြေအနေရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
လိုအပ်တဲ့ဆေးဝါးတွေဟာလည်း သွင်းကုန်ခွန်ပေးဆောင်ရမှုနဲ့ ရန်ပုံငွေနည်းပါးမှုတွေကြောင့် လာမယ့်စက်တင်ဘာလမှာ ပြတ်တောက်မယ့်အခြေအနေရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်ရှိစစ်ကောင်စီကလည်း ကချင်၊ ရှမ်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေအပါအဝင် နိုင်ငံတဝှမ်းက နေရပ်စွန့်ခွာသူတွေ တိမ်းရှောင်နေတဲ့ စခန်းတွေကို ပိတ်သိမ်းပြီး နေရပ်ပြန်ဖို့ တိုက်တွန်းနေတာလည်း ရှိပါတယ်။
ဒါပေမယ့် နေရပ်စွန့်ခွာသူအများအပြားကတော့ တိုက်ပွဲတွေဖြစ်ပွားနေတာ၊ တိုက်ပွဲကျန်ခဲယမ်းတွေရဲ့အန္တရာယ်၊ အသက်မွေးဝမ်းကျောင်းအလုပ်မရှိတာ စတဲ့အချက်တွေကြောင့် လုံခြုံတဲ့ အိမ်ပြန်ခရီးဖြစ်ဘူးလို့ ဆိုကြတဲ့အကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး နေရပ်စွန့်ခွာစခန်းကို မေလလယ်မှာ ပိတ်ဖို့ရှိနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ နမ္မတူမြို့နယ်တွေက စခန်း ၁၅ ခုကို ပိတ်ဖို့လည်း လုပ်ဆောင်နေတာရှိပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမှာလည်း ကယားပြည်နယ်က နေရပ်စွန့်ခွာသူတွေရဲ့စခန်းကို တခြားနေရာကို ဧပြီလ လယ်က ရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့