စစ်ကောင်စီက ဖယ်ခုံမှာ ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်လို့ ကျေးရွာ သုံးရွာကအိမ်အများအပြားပျက်စီး

မေ ၊ ၅

ကရင်နီပြည်နယ်(ကယားပြည်နယ်)၊  ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာသုံးရွာကို တိုက်ပွဲဖြစ်ပွားမှု မရှိပဲ ဒီကနေ့မှာ စစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ ပေါင်ငါးရာဗုံး ၂၃ ကြိမ်ထက်မနည်းကြဲချတိုက်ခိုက်ခဲ့တယ်လို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်  KNDF ထံကသိရပါတယ်။

အဲဒီလိုတိုုက်ခိုက်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံတွေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေက ပြောပါတယ်။

 “ဒီနေ့ ဖယ်ခုံအနောက်ဖက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာရော၊ ဗုံးကြဲတာရော အားလုံးပေါင်း ၂၀ ကျော်တယ်။ အဲလိုလာရောက်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်တာရှိတယ်။ တချို့ ဗုံးဒဏ်ကြောင့် မျက်လုံးကနေ သွေးထွက်တာတို့ နားထဲက သွေးထွက်တာတို့ ထိခိုက်ဒဏ်ရာ ရတယ်။ ခေါင်းအိကျေးရွာ၊ တောင်စလုံးကျေးရွာတို့ ဖြစ်တယ်။ တောင်စလုံးကျေးရွာမှာပဲ ပြည်သူတွေ ဒဏ်ရာ ရတာပေါ့နော်။ မြောက်စလုံးကျေးရွာမှာလည်း နေအိမ်တွေ ပျက်စီးသွားတယ်။ မီးလောင်သွားပါတယ်”လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။  

စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ ဖယ်ခုံအနောက်ခြမ်းက ကျေးရွာတရွာ၊ တောင်စလုံးကျေးရွာနဲ့ခေါင်အိကျေးရွာတို့ကို ပေါင်ငါးရာဗုံးတွေ၊ ဒုံးကျည်တွေအပြင်စက်သေနက်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုတွေကြောင့် တောင်စလုံးကျေးရွာက နေအိမ် ၃၁ လုံးပျက်စီးခဲ့ပြီးဗုံးအသံကြောင့်အရပ်သားနှစ်ဦးမျက်စိနဲ့ နားက သွေးယိုစီးမှုဖြစ်ခဲ့ပြီး ဖယ်ခုံအနောက်ခြမ်းက ကျေးရွာနဲ့ ခေါင်အိကျေးရွာက ပျက်စီးဆုံးရှုံးမှုကိုတော့မသိရသေးသလိုဒေသခံဘယ်လောက်စစ်ရှောင်နေရတယ်ဆိုတာလည်းမသိရသေးပါဘူး။

ဒီကနေ့ မေလ ၅ ရက်၊မနက် ၄ နာရီ ခန့်မှာ ဖယ်ခုံအနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို  စစ်ကောင်စီက တိုက်လေယာဉ် (၂)စီးနဲ့  ပေါင် ၅၀၀ ဗုံး သုံး ကြိမ် ကြဲချခဲ့တယ်လို့ KNDF တပ်ရင်း ၁၁ ကလည်း ထုတ်ပြန်ပါတယ်။ 

အဲဒီနောက် နံနက် ၅ နာရီမှ ၆ ခွဲအထိ တောင်စလုံးကျေးရွာကို တိုက်လေယာဉ် (၂)အစီးနဲ့ ပေါင် (၅၀၀) ဗုံး နဲ့ ဒုံးကျည်တွေ (၁၆) ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ (၄)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာက နေအိမ် ၃၁ လုံးပျက်စီးခဲ့သလို  ကြဲချတဲ့ ဗုံးအသံကြောင့် ဒေသခံအရပ်သားနှစ်ဦး မျက်စိနဲ့ နားကနေသွေးတွေ ယိုးစီး ဒဏ်ရာ ရရှိခဲ့ပါတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နံနက် ၅ နာရီခွဲခန့်မှာလည်း ခေါင်အိကျေးရွာကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ ကြိမ် လာရောက်ကြဲချခဲ့တဲ့အတွက် နေအိမ်တချို့  ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။  

“ကျနော်တို့ နေရာ ၂ နေရာ၊ ဖယ်ခုံအနောက်ဘက်ပေါ့နော်။ဒီနက် မိုးမလင်းခင်မှာ ဗုံးနဲ့ ကြဲတာဖြစ်ပါတယ်။ ညအိပ်တဲ့အချိန်မှာ ဗုံးကြဲသွားတာပေါ့နော်။ အခုချိန် ညနေ ၄ နာရီ နီးပါးအထိပေါ့ ။လေယာဉ်က ဝဲပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့ဘက်ခြမ်းမှာ မဟုတ်ပဲနဲ့ပေါ့နော်။ အရှေ့ဘက်မှာတော့ တယောက် မှမစိုးရိမ်ရဘူးပေါ့နော်။ ထိခိုက်သွားတာမှာ အသက်ရှုလမ်းကြောင်း ပိတ်သွားတဲ့ သဘောပါပဲ” လို့ KNDF တပ်ရင်း ၁၁က  ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ညနေ ၃ နာရီခန့်ကလည်း တိုက်လေယာဉ် (၂)စီးနဲ့ မိနစ် ၃၀ ကျော် ဗုံကြဲတိုက်ခိုက်ခဲ့ပြီး ဖယ်ခုံဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မေလ ၃ ရက်က ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ရှိ တောင်စလုံးကျေးရွာမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ကျဆုံးမှုတွေ ရှိခဲ့ပြီး KNDF တပ်ရင်း ၁၁ က ရဲဘော် စန်းမိုးကျော်နဲ့ ရဲဘော် တင်အောင်မျိုးတို့ ကျဆုံးခဲ့ပါတယ်။ 

ကရင်နီပြည်နယ်မှာ စစ်ကောင်စီဟာ ကင်းထောက်လေယာဉ်တွေနဲ့ ဦးစွာ ထောက်လှမ်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတွေ စနစ်ကျ တူထားကြဖို့နဲ့ လေယာဉ်သံ ကြားရင် ဘေးကင်းတဲ့ နေရာမှာ နေကြဖို့ ကရင်နီပူးပေါင်းတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။ 

ရှမ်း-ကယားနယ်စပ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ  ဒီနေ့အထိ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲအချိန် ကြာလတာနဲ့အမျှ ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ စက်သုံးဆီတွေ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။