ဟင်္သာတမြို့မှာ ပစ်ခတ်မှုဖြစ်ပွားပြီး မြို့အဝင်အထွက်တွေ ပိတ်ဆို့ထား

မေ ၊ ၅

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဒီနေ့ ၇နာရီ ၂၀ ခန့်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုရှိတယ်လို့ ကနဦးသိရပါတယ် ။

“အရင်ဆုံး ဟင်္သာတကနေ အုန်းကုန်းဘက်အထွက် ၊ ရတနာကျော် ဆန်စက်ဝန်းထဲက သေနတ်သံတွေ စကြားရတာ ၊ အဲဒါပြီး ဝေလာပတ်တာဆုံ ၊ ကျောက်တော်ကြီးကုန်းဆင်းဘက်တွေမှာလည်း ပစ်ခတ်သံတွေကြားရတယ် ။ အချက်ရေ တော်တော်များတယ်”လို့ အမည်မဖေါ်လိုတဲ့ နတ်မော်လမ်းမှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ် ။

အဲဒီပစ်ခတ်မှုမှာ ထိခိုက်သေဆုံးသူတဦးရှိတယ်လို့ ကနဦးသိရပြီး ဒီနေ့ည ၉ နာရီအထိ DNA က ဆက်သွယ်မေးမြန်းချက်အရ သေဆုံးသူမှာ စအဖ အဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ ကိုအောင်ထိုက်လို့ ကနဦးသိရပါတယ် ။ သူဟာ အာဏာသိမ်းဖြစ်စဉ်ပြီးနောက်ပိုင်းမှာ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့က ရဲအုပ်တွေနဲ့ ပေါင်းပြီး မြို့ပေါ်က တော်လှန်ရေး အင်အားစုတွေကို ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေသူလို့လည်း မြို့ခံအချို့က ပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။

ပစ်ခတ်မှု ဖြစ်စဉ်ပြီးနောက်ပိုင်းမှာ မြို့အဝင်အထွက် ဂိတ်တွေကို ပိတ်ထားလိုက်ပြီး ဝေလာပတ်လမ်းဆုံမှာလည်း အသွားအလာတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ် ။ လက်ရှိအချိန်အထိ အခုလို ပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး ။