အရာတော်မြို့နယ်က ကြွေပုံဂံရွာကိုစစ်ကောင်စီတပ်ကဒုတိယအကြိမ် ပစ်ခတ်စီးနင်းမီးဝင်ရှို့

မေ ၊ ၅

စစ်ကိုင်းတိုင်း၊ဘုတလင်ခရိုင်၊အရာတော်မြို့နယ်ထဲကကြွေပုဂံရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲပစ်ခတ်ဝင်ရောက်ပြီးဒုတိယအကြိမ်မီးတင်ရှို့တာကြောင့်ကျေးရွာဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

အရာတော်အခြေစိုက် လေ့ကျင့်ရေး တပ်ရင်း ၁၀ ကအင်အား ၆၀ လောက်နဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေပစ်ခတ်ပြီးတပြိုင်ထဲဝင်ရောက်စီးနင်းတာလို့ လည်းတိမ်းရှောင်နေရတဲ့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

“ဟုတ်ကဲ့ မနက် ၈ နာရီခွဲက သေနတ်တွေ ဖောက်ပြီးဝင်လာတာဗျ ။၉ နာရီလောက်မှာ မီးရှို့ပြီး ၁၀ နာရီမှာ ရွာရဲ့ အနောက်ဘက်ကို ထွက်သွားပါတယ်ဗျ ။ဖမ်းဆီးခံရတဲ့ ပြည်သူ မရှိပါဘူးဗျ။အရာတော်ကသူတို့တပ်နဲ့ကနီးတယ်။ကြားတာကတော့တပ်နဲ့နီးလို့ဝင်ရှင်းတာလို့ပြောတယ်။ခုတော့အကုန်ပြေးနေကြရပြီ”လို့ အရာတော် ဒေသခံတဦးကDNAကိုပြောပါတယ်။

ကြွေပုဂံကျေးရွာကို စစ်ကောင်စီတပ်တွေဟာ ၂၀၂၃ ခုနှစ်၊မတ်လ ၂၉ ရက်မှာ ပထမအကြိမ် မီးရှို့ခံဖျက်ဆီးခဲ့ပြီး နေအိမ် ၂၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို အခုအကြိမ်မှာလဲ ဒေသခံတွေပြန်လည်ဝင်ရောက် ပြီးမကြာခင်မှာပဲ အခုလိုဝင်ရောက်စီးနင်းမီးတင်ရှို့ခဲ့တာလို့လည်းသိရပါတယ်။

အခုချိန်မှာကြေပုဂံရွာနဲ့ဒုံဒစ်ရွာနှစ်ရွာပေါင်းဒေသခံ ၁၅၀၀ နီးပါးထွက်ပြေးတိမ်းရှောင်နေကြရပြီးအိမ်ခြေဘယ်လောက်မီးရှို့ခံရတယ်ဆိုတာမသိရသေးပါဘူး။

“စစ်တပ်ကအချက် ၆၀လောက် သေနက်ပစ်ပြီးဝင်လာတာဝက်ခဲလမ်းကလာတာလို့ သိရတယ်။ရွာသားတွေတော့ ရွာမပြန်ကပ်နိုင်သေးဘူး။ အခုကြွေပုဂံ မီးရှို့တာ ၂ကြိမ်မြောက်ပဲ။ အခုကြွေပုဂံ နဲ့ဒုံဒစ် ၂ရွာ စစ်ဘေးရှောင်နေရတယ်။”လို့ နောက်ထပ်ဒေသခံတဦးကထပ်ပြောပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ လည်း မြင့်တက်နေသလို ၂၀၂၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့ OCHA Myanmar ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် ဘာသာရေးကျောင်းတွေအပါအဝင် တနိုင်ငံလုံးမှာ အိမ်ခြေပေါင်း ခြောက်သောင်းကျော်မီးရှို့ဖျက်စီးခံရပြီး စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးပါဝင်တယ်လို့ Data For Myanmar က ဒီနှစ်မတ်လ ၁၉ ရက်က ထုတ်ပြန်ထားပါသေးတယ်။