မေ ၊ ၅
တူရကီနိုင်ငံက ညီလာခံတခုမှာ ယူကရိန်း အလံကို ဆွဲလုခဲ့တဲ့ ရုရှား လွှတ်တော်အမတ် တဦးဟာ ယူကရိန်း အမတ်တဦးရဲ့ လက်သီးစာ မိသွားခဲ့ပါတယ်။
မေလ ၄ ရက်နေ့က အန်ကာရာမြို့မှာ သံတမန်ရေးရာ ညီလာခံတခု ကျင်းပနေချိန် စစ်ဖြစ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပါ ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယူကရိန်း အမတ်တဦးကို ရန်သွားစမိတဲ့ ရုရှားအမတ်ဟာ မျက်နှာကို လက်သီးတွေ ထိမှန်ခဲ့ပြီးမှ သူ့လုပ်ရပ်အတွက် နောင်တရစရာတွေ ကြုံခဲ့ရပါတယ်။
ဗီဒီယို မှတ်တမ်းတွေအရ ယူကရိန်း အမတ်တဦးဖြစ်တဲ့ အိုလက်ဇန္ဒာ မာရီကော့ဗ်စကီးဟာ ယူကရိန်း အလံကို ကိုင်ဆောင်ရင်း ဓာတ်ပုံ အရိုက်ခံဖို့ ပြင်နေချိန်မှာ လူတဦးက အလံကို ဆွဲလုပြီး လုံးချေခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ မာရီကော့ဗ်စကီးက ငြိမ်ခံမနေဘဲ အဲဒီ ရုရှားအမတ်နောက် ပြေးလိုက်သွားပြီး မျက်နှာကို လက်သီးတွေ တွဲလုံးနဲ့ လွှတ်လိုက်တာ ဖြစ်ပါတယ်။ နောက်တော့ လုံခြုံရေးတွေက အဲဒီနှစ်ယောက်ကို အတင်းဝင်ရောက် ဖြန်ဖြေခဲ့ရပါတယ်။ အစောပိုင်းကလည်း အန်ကာရာက ဆွေးနွေးပွဲ ခန်းမထဲမှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ စကား အခြေအတင် ဖြစ်ခဲ့ကြသေးကြောင်း သိရပါတယ်။
ရန်ပွဲဖြစ်ခဲ့ပြီးတဲ့အခါ ပင်လယ်နက် စီးပွားရေး ကော်ပိုရေးရှင်း ဖိုရမ်ရဲ့ အစည်းအဝေးကိုပါ ယာယီ ရပ်နားခဲ့ရပါတယ်။
ရုရှားက သူတို့ရဲ့ သမ္မတ ဗလာဒီမာ ပူတင်ကို ရုရှားက မော်စကိုမှာ ဒရုန်းတွေ စေလွှတ်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲခဲ့လို့ နှစ်နိုင်ငံ တင်းမာမှုတွေ အမြင့်တက်ဆုံး ဖြစ်နေချိန်မှာ လွှတ်တော် အမတ်တွေပါ ရန်ဖြစ်တဲ့ အခြေအနေ ကြုံခဲ့ရတာပါ။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားရဲ့ စွပ်စွဲချက်ကို ငြင်းပယ်ပြီး မော်စကိုက တိုက်ခိုက်မှုဟာ ယူကရိန်းနဲ့ လုံးဝ မပတ်သက်ဘူးလို့ ငြင်းဆိုထားပါတယ်။