မေ ၊ ၅
ပြီးခဲ့တဲ့ မြန်မာနှစ်သစ်ကူးမတိုင်ခင်က အတက်ပြခဲ့တဲ့ ပြည်တွင်းစက်သုံးစီစျေးနှုန်းဟာ အခုရက်ပိုင်းအတွင်းငွေကျပ် ရာဂဏန်းလောက်ပြန်ကျသွားတယ်လို့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေနဲ့ အငှားယာဉ်မောင်းတွေကပြောပါတယ်။
အဲ့ဒီ့ထဲကမှ ဒီကနေ့ မေလ ၅ ရက်နေ့မှာ ဓါတ်ဆီ ၊ ၉၂ အမျိုးအစား တ လီတာကိုငွေကျပ် ၁၈၇၅ ၊ ၉၅ အမျိုးအစား တလီတာကို ၁၉၄၅ ကျပ် ၊ ဒီဇယ် တလီတာ ၁၈၁၅ ၊ ပရီမီယမ် ဒီဇယ်အမျိုးအစား တလီတာကို ၁၈၈၅ ကျပ်အထိကျဆင်းသွားလို့ စက်သုံးဆီအမျိုးအစားတခုကို ငွေကျပ်ရာဂဏန်းခန့်ကျဆင်းသွားတာလို့သိရပါတယ်။
“ရာဂဏန်းလောက်ကျတာပေါ့။ နိုင်တီတူးဆို မနေ့က ၁၉၁၅ ကျပ် ၊ နိုင်တီဖိုက်ဆို ၁၉၉၈ ကျပ် ။ကျမတို့ဆီကယူတဲ့ဆိုင်တွေကတော့ကျမတို့နဲ့ ငါးကျပ်လောက်ခွါရောင်းတာပေါ့ ။နောက်ရက်တွေကျ၊မကျ ကတော့ သူတို့ထုတ်တဲ့ရည်ညွှန်းစျေးအပေါ်မှာပဲမူတည်မယ်” လို့ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်မှတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ဒီကနေ့ ရည်ညွှန်းစျေးထုတ်ပြန်ချက်မှာ ဓါတ်ဆီ ၉၂ အမျိုးအစား ကို ၁၈၉၁ ကျပ် ၊ ၉၅ အမျိုးအစား ကို ၁၉၆၆ ကျပ် ၊ အထိပေါက်စျေးရှိနေပါတယ်။
ဒါပေမယ့်ရန်ကုန်မြို့တွင်းကဆိုင်တွေအပေါ်မူတည်ပြီးစျေးနှုန်းကွာဟချက်ရှိနေသလို၊နယ်မြို့တွေမှာတော့စက်သုံးဆီဝယ်စျေးကတော့ဆက်လက်မြင့်တက်နေပြီး၊ဘားအံမှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဓါတ်ဆီ ၉၂ အမျိုးအစား တလီတာကို ၂၀၀၀ ကျော်ပေါက်စျေးအထိရှိနေတယ်လို့ယဉ်မောင်းသူတွေထံကသိရပါတယ်။
“ပုံမှန်မရှိဘူးဆီစျေးက၊ကိုယ်ထည့်တဲ့ဆိုင်နဲ့လဲကွာသေးတယ်။ပြီးတော့ရန်ကုန်မှာကလဲဆီဖြည့်ဖို့ဆိုနဲနဲတန်းစိရတော့ပုံံမှန်ထည့်ဖြစ်တဲ့ဆိုင်ရယ်လို့မရှိဘူး။တခါတလေမြို့ပြင်အထိထွက်ထည့်ရတာ၊အုံနာခက ခုနှစ်ထောင်နဲ့ရှစ်ထောင်ကြားပဲ ပေးရတာ ၊ လမ်းမှာစစ်တာဆေးတာတွေနဲ့တွေ့တဲ့သူလဲကျတော်တို့ကမတင်ရဲတော့ ၊ ကိုယ့်ပုံမှန်စီးနေကျ ဖောက်သည် နဲ့ ပစ္စည်းပို့တာကပဲ အဓိကရကြတော့တာ၊ ဆီစျေးကျလဲ ဒီအခြေအနေနဲ့ ဘာမှမထူးဘူးလို့ပဲဲပြောချင်တယ်”လို့ ရန်ကုန်မြို့ခံအငှားယာဉ်မောင်းတဦးကပြောပါတယ်။
စီးနင်းသူနည်းပါးလာတာတွေ၊ဆီစျေးနဲ့ခရီးသည်တင်ဆောင်ခမကိုက်တာတွေရှိနေတဲ့အပြင်စစ်ကောင်စီတပ်တွေဟာလမ်းမတွေပေါ်မှာခြိမ်းခြောက်ငွေတောင်းခံတာတွေ၊ စစ်ဆေးတာတွေ ပြုလုပ်နေတာတွေကြောင့်အငှားယဉ်မောင်းတွေအနေနဲ့အခက်အခဲတွေရှိနေဆဲလို့သိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကိုဗစ်ကာလမှာပဲပြည်တွင်းစက်သုံးဆီစျေးဟာတလီတာကိုငွေကျပ်ရာဂဏန်းခန့်သာရှိခဲ့ပေမယ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့၊ပြည်တွင်းစက်သုံးဆီစျေးနှုန်းအဆမတန်ထိုးတက်သွားသလိုစက်သုံးဆီပြတ်လပ်တဲ့အခြေအနေထိပါဆိုက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့်စစ်ခေါင်းဆောင်နဲ့အပေါင်းအပါတွေကတော့ပြည်တွင်းစက်သုံးဆီအလုံအလောက်တင်သွင်းထားတာရှိတယ်လို့ ပြောဆိုပေမယ့် စျေးကွက်မှာစက်သုံးဆီပြတ်လပ်တာမကြာခဏဖြစ်ပွားနေတာလည်း ရှိတယ်လို့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်တာဝန်ရှိသူတွေနဲ့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်ကမဏိပူရပြည်နယ်၊ မိုရေးကို ဖြတ်ပြီး မြန်မာနိုင်ငံထံ ကုန်းလမ်းကနေ အဆင့်မြင့်ဒီဇယ်ဆီတွေ တင်သွင်းဖို့ ကြိုးစားခဲ့ပေမယ့်မအောင်မြင်ဖြစ်ခဲ့တဲ့အိန္ဒိယရေနံချက်လုပ်ငန်း NRL ကိုစစ်ကိုင်းတိုင်းအတွင်းစက်သုံးဆီဆိုင်တွေဖွင့်လှစ်ဖို့ခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်ကိုစက်သုံးဆီ တင်သွင်းမှု အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံဝန်းကျင်ရှိနေလို့ စက်သုံးဆီချွေတာသုံးစွဲဖို့နဲ့ အများသုံးသယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ရထား၊ ဘတ်စ်ကား၊ သင်္ဘောတွေရဲ့ဝန်ဆောင်မှုမြှင့်ဖို့က စစ်ခေါင်းဆောင်ကတိုက်တွန်းဖူးပါတယ်။
တနိုင်ငံလုံးမှာ ကားမျိုးစုံ တသန်းကျော်နဲ့ ဆိုင်ကယ်ခြောက်သန်းကျော်ခန့်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာစက်သုံးဆီအမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံနီးပါးနဲ့ ၂၀၂၂ခုနှစ်မှာ ၂ ဒဿမ ၅ ဘီလီယံကျော်တင်သွင်းခဲ့ရပါတယ်။