မေ ၊ ၅
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ တောင်တွင်းချောင်ဒေသ မုံရွာ-ယာကြီး-ကနီ-မင်းကင်း အာရှပတ်လမ်းဘေးမှာရှိတဲ့ပိတ်ခယားကျေားရွာကို တိုက်ပွဲမဖြစ်ပွါးပဲစစ်ကောင်စီက မေလ၄ရက်၊နေ့လယ်၁နာရီအချိန်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ခုနှစ်ဦးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’ဗုံးကြဲတိုက်ခိုက်လို့ ငါးဦးက နေရာတင်သေတယ်။ ကျန် နှစ်ယောက်ကတော့ ဆေးကုဖို့ ပို့နေတုန်းလမ်းမှာ သေဆုံးသွားတယ်’’ လို့တောင်တွင်းဗိုလ်ချုပ်သွေးအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုက်ကလေးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးနှစ်အရွယ်ကလေးငယ်နှစ်ဦးနဲ့ ခြောက်နှစ်အရွယ်ကလေးတဦးအပါအဝင် အမျိုးသမီးသုံးဦး၊ အမျိုးသားတဦး စုစုပေါင်း ခုနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ၁ဝဦးထဲမှာ ၅ဦးကတော့ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ အဲဒီဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသမှုပေးနေကြတယ်လို့လည်း ပြန်ကြားရေးတာဝန်ခံ ဗိုက်ကလေးက ပြောပါတယ်။
“ဒဏ်ရရှိသူတွေထဲမှာ မင်းကင်းခရိုင်တပ်ရင်း၁ကရဲဘော်တဦးပါဝင်တယ် ။ပိတ်ခယားမှာဆရာဝန်ထိုင်တာမရှိလို့ ဆရာဝန်ထိုင်တဲ့ကျေးရွာကို သွားပြီးဆေးဝါးကုသမှု ပေးနေရတယ်”လို့လည်းသူကဆိုပါတယ်။
မနေ့က လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ရဲ့ မင်းကင်းနယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ပိတ်ခယားကျေးရွာမြောက်ပိုင်းကနေအိမ်ခုနှစ်လုံးပျက်စီးခဲ့ပြီး နွားနှစ်ကာင်လည်းသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
အဲဒီစစ်ကောင်စီရဲ့ လေယာဉ်တွေဟာ ပိခယားကျေးရွာကို သုံးပတ်ပျံဝဲပြီး ပေါင်းငါးရာဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း့တောင်တွင်းဗိုလ်ချုပ်သွေးအဖွဲ့က ပြန်ကြားရေးတာဝန်ခံဗိုက်ကလေးက ဆက်လက်ပြောကြားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိမှာ ဒေသခံတွေဟာ ကြောက်လန့်နေကြပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြသလို ပုံတောင်ပုံညာတောင်ကြောပေါ်မှာလည်းသွားရောက်နေထိုင်ကြတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။
မင်းကင်းတောင်တွင်းချောင်ဒေသမှာ ကျေးရွာ ၃၆ ရွာရှိပြီး ပိတ်ခယား ကျေးရွာအပါအဝင် အနီးနားကျေးရွာက ဒေသခံတွေဟာ တိမ်းရှောင်နေရပြီး အဆိုပါဒေသကို စစ်ကောင်စီက တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ထားတယ်လို့သိရပါတယ်။
နိုင်ငံတဝန်းမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ပေါင်း ၄၇ မြို့ရှိပြီးအာဏာသိမ်းမှုကို လက်နက်ကိုင်ပြီး အပြင်းအထန်ဆန့်ကျင်နေတဲ့ စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၃၈ မြို့နယ်အနက် ၁၄ မြို့နယ်ပါဝင်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့ကထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလ နှစ်နှစ်အတွင်းမှာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၆၅၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၈၈ ဦး သေဆုံးခဲ့ပြီး ၃၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ကန့်ဘလူမြိို့နယ်၊ ပဇီကြီးကျေးရွာကိုလည်းဧပြီလ ၁၁ရက်ကလေကြောင်းကတိုက်လို့ လူပေါင်း၁၆၈ဦးသေဆုံးပြီး၁၆ဦးဒဏ်ရာရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းကာလကနေ ဒီနှစ်ဧပြီလ ၂၀ ရက်အထိ စစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းခုနှစ်သိန်းနီးအနက် ထက်ဝက်ကျော်ကစစ်ကိုင်းတိုင်းကဖြစ်ပြီး တသန်းသုံးသိန်းခုနှစ်သောင်းကျော်ဖြစ်တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘာသာရေးကျောင်းတွေအပါအဝင် တနိုင်ငံလုံးမှာ အိမ်ခြေပေါင်း ခြောက်သောင်းကျော်မီးရှို့ဖျက်စီးခံရပြီး စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးပါဝင်တယ်လို့ Data For Myanmar က ဒီနှစ်မတ်လ ၁၉ ရက်က ထုတ်ပြန်ထားပါသေးတယ်။