နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် စီးရီးအေ ချန်ပီယံ ပြန်ဖြစ်လာတဲ့ နာပိုလီ

မေ၊ ၅

နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် အီတလီ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို နာပိုလီအသင်း ပြန်လည် ဆွတ်ခူးနိုင်ခဲ့တဲ့နောက် နေပယ်လ် မြို့သားတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

 အူဒီးနီးစ် အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့နောက် နာပိုလီဟာ စကူဒက်တိုလို့ ခေါ်ဝေါ်တဲ့ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးဖို့ လုံလောက်စေခဲ့ပါတယ်။ မြို့ခံ ဘောလုံးကလပ်က ချန်ပီယံ ဖြစ်လာပြီဆိုတာ သေချာသွားတာနဲ့ ကလေးတွေ အပါအဝင် ရာထောင်ချီတဲ့ နေပယ်လ် မြို့သားတွေဟာ လမ်းတွေပေါ် ထွက်လာပြီး သီချင်းတွေဆိုကြ၊ ပီဇာမုန့်တွေ ဝေငှစားသောက်ကြရင်း အောင်ပွဲခံခဲ့ကြပါတယ်။

 မြို့ထဲမှာ အသင်းရဲ့ အလံကို ဝှေ့ရမ်းပြီး စကူတာနဲ့ လှည့်လည်နေသူ အများအပြားလည်း ရှိခဲ့ပါတယ်။ တချို့ကျတော့လည်း မြို့ထဲက ရင်ပြင်တွေမှာရှိတဲ့ ရေပန်းတွေထဲ ခုန်ချပြီး ပျော်မြူးနေကြပါတယ်။

 နာပိုလီဟာ အခုဘောလုံးရာသီ တလျှောက်လုံး ထူးထူးကဲကဲ ခြေစွမ်းပြခဲ့ပြီး ချန်ပီယံဆုအတွက် အထူးရေပန်းစားနေခဲ့ပါတယ်။ ရာသီနှောင်းပိုင်းမှာ ရလဒ်တွေ နည်းနည်း ယိမ်းယိုင်ခဲ့ပေမယ့် ပြိုင်ဘက်တွေအပေါ် အမှတ်ဖြတ် ဦးဆောင်ထားမှုကြောင့် ပြိုင်ပွဲ မပြီးခင် ၅ ပွဲကစားဖို့ အလိုမှာပဲ နာပိုလီတို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ အခုရာသီ ဥရောပ နာမည်ကြီး အမှတ်ပေးပြိုင်ပွဲ အားလုံးမှာ အစောဆုံး ချန်ပီယံဆု ရခဲ့တဲ့ အသင်းအနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။

 နာပိုလီအသင်း နောက်ဆုံးအကြိမ် စကူဒက်တိုဖလား ရခဲ့တုန်းက ၁၉၉၀ ပြည့်နှစ်မှာဖြစ်ပြီး အဲဒီအချိန်မှာ ကမ္ဘာ့ ဘောလုံးဂန္ထဝင်ကြီး ဒီယေဂို မာရာဒိုနာက အတောက်ပဆုံး ခြေစွမ်းပြနေခဲ့တဲ့ ကာလတွေပါ။ အာဂျင်တီးနား တိုက်စစ်မှူးကြီး မာရာဒိုနာဟာ အဲဒီတုန်းက နာပိုလီရဲ့ အသင်းခေါင်းဆောင် အနေနဲ့ တာဝန်ယူထားတာပါ။ မာရာဒိုနာ ကွယ်လွန်သွားပြီ ဖြစ်ပေမယ့် သူရဲ့ လွှမ်းမိုးမှုဟာ နေပယ်လ်မြို့မှာ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်နေဆဲ ဖြစ်ပြီး အခုအခါ ချန်ပီယံဆုအတွက် အောင်ပွဲခံချိန်မှာ နတ်ဘုရားလို့ စာတန်းထိုးထားတဲ့ မာရာဒိုနာရဲ့ ပုံတွေကို မြို့ထဲမှာ နေရာအနှံ့ ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

 နာပိုလီ အသင်းဟာ စကူဒက်တို ချန်ပီယံဆုကို တတိယ အကြိမ်မြောက် ရရှိခဲ့တာပါ။ မန်နေဂျာ လူစီယာနို စပယ်လက်တီ ဦးဆောင်နေတဲ့ အသင်းဟာ ၃၃ ပွဲ ကစားပြီးချိန်မှာ ၃၃ ပွဲ ဝေးကွာနေတဲ့ ချန်ပီယံဆုကို ပြန်ရရှိဖို့ သေချာစေခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ရမှတ် ၈၀ ထိ စုဆောင်းထားနိုင်တာကြောင့် ဒုတိယ နေရာက လာဇီယိုကို ၁၆ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။