သူ့ရဲ့ ရူးမိုက်မှုက အသင်းအတွက် အဖိုးတန်ရလဒ် ဆုံးရှုံးစေခဲ့တယ်လို့ ရှောဝန်ခံ

မေ၊ ၅
သူ့ရဲ့ ရူးမိုက်မှုဟာ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန် ရမှတ် နစ်နာ ဆုံးရှုံးသွားစေကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောက ဝန်ခံခဲ့ပါတယ်။

 သူဟာ ရူးမိုက်တဲ့ အမှားတခုကို ကျူးလွန်မိခဲ့တာကြောင့် အသင်းကို ၁-၀ နဲ့ အရေးနိမ့်စေခဲ့ကြောင်း ပွဲအပြီးမှာ အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ခံစစ်သမားက ပြောကြားသွားပါတယ်။ ဘရိုက်တန်ရဲ့ အိမ်ကွင်းမှာ မိနစ် ၉၀ ပြည့်တဲ့ထိ သရေကျနေခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ နာကျင် အပိုဆောင်းချိန်မှာ ရှောဟာ ပြိုင်ဘက်ရဲ့ ဖြတ်တင်ဘောကို ဖျက်ထုတ်ဖို့ ကြိုးစားချိန်မှာ မလိုအပ်ဘဲ လက်ကို မြှောက်ခဲ့ရာက လက်ထိဘော ဖြစ်သွားခဲ့ပါတယ်။

 ကွင်းလယ်ဒိုင် အန်ဒရီ မာရင်နာက ဖြစ်စဉ်ကို ဒိုင်လူကြီး အထောက်အပံ့ ဗီဒီယိုစနစ် (VAR) စနစ်နဲ့ ပြန်လည် စစ်ဆေးပြီးတဲ့နောက် ဘရိုက်တန်ကို ပင်နယ်တီ ကန်ခွင့်ပြုခဲ့ပြီး အလက်ဆစ် မက်အယ်လစ္စတာက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့ပါတယ်။ အခုပွဲ အရှုံးကြောင့် ယူနိုက်တက်ဟာ အဝေးကွင်းမှာ ရယူနိုင်မယ့် အဖိုးတန် ၁ မှတ်ကို လက်လွှတ်လိုက်ရပါတယ်။

 နောက်ဆုံးမိနစ်ပိုင်း၊ နောက်ဆုံး အပြုအမူတွေမှာ သူဟာ အနုံအချာ တယောက်လို လုပ်ခဲ့မိကြောင်း၊ သူ့လက်ဟာ အဲဒီလို အနေအထားနဲ့ ရှိမနေခဲ့သင့်ကြောင်း ရှောက ဆိုပါတယ်။ အခုအမှားကြောင့် သူတော်တော် ခံစားခဲ့ရကြောင်း၊ တပွဲလုံး ကြိုးစားထားသမျှ အဲဒီအမှားကြောင့် အချည်းနှီး ဖြစ်သွားခဲ့ပြီး ဒါကို လက်ခံဖို့ ခဲယဉ်းလွန်းကြောင်း၊ သူကိုယ်တိုင်လည်း ဘယ်လို အရူးထပြီး အဲဒီလို လက်မြှောက်မိလိုက်သလဲ မရှင်းပြတတ်တော့ကြောင်း၊ အရူးထလို့သာ လက်ကို အဲဒီလို မြှောက်လိုက်မိတာလို့သာ ပြောရမှာဖြစ်ပြီး ဘယ်လိုမှ အဲဒီလို ဖြစ်မနေခဲ့သင့်ကြောင်း ရှောက ဖွင့်ဟသွားပါတယ်။

 ဘရိုက်တန်ကတော့ မကြာသေးခင်က အက်ဖ်အေ ရှုံးထွက်ဖလား အကြိုဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ပင်နယ်တီ အရှုံးအဖြတ်နဲ့ အရေးနိမ့်ထားတာကို အခုပွဲမှာ ပင်နယ်တီ သွင်းဂိုးနဲ့ လက်စား ပြန်ချေနိုင်ခဲ့တာ ဖြစ်ပါတယ်။

 ဘရိုက်တန် မန်နေဂျာ ရောဘတ်တို ဒီဇာဘီကတော့ လက်စားချေခဲ့တယ်လို့ သဘောမထားပေမယ့် အသင်းအတွက် ထိုက်တန်တဲ့ ရလဒ် တခုကိုတော့ ယူဆောင်နိုင်ခဲ့တယ်လို့ ခံစားမိကြောင်း ပြောပါတယ်။ ဘရိုက်တန်ဟာ ယူနိုက်တက်နဲ့ လောလောလတ်လတ် တွေ့ဆုံခဲ့တဲ့ နှစ်ပွဲစလုံးမှာ ပိုကောင်းတဲ့ အသင်းအဖြစ် ကစားပြနိုင်ခဲ့တဲ့အတွက် အခုနိုင်ပွဲက တကယ်ထိုက်တန်တယ်လို့ သူက မှတ်ချက် ပေးသွားပါတယ်။