KNUတပ်မဟာ(၄)ကဗိုလ်ကြီးနဲ့သွားတွေ့ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်ခံရ၊ လေးဦး သေဆုံး ၊ငါးဦးပျောက်ဆုံးနေ

မေ၊ ၄

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တပ်ရင်း(၁၁)က ဗိုလ်ကြီး စောဘွဲ့မှူးရဲ့ ဖိတ်ခေါ်ချက်အရ သွား ရောက်တွေ့ဆုံပြီးနောက်အပြန်လမ်းမှာ နှစ်ကြိမ်တိုင် ချောင်းမြောင်းပစ်ခတ်ခံရတာကြောင့် လေးဦးသေဆုံး သွား သလို နောက်ထပ်ငါးဦးလည်းပျောက်ဆုံးနေတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီတပ်ဖွဲ့က တနင်္သာရီဒေသအခြေစိုက် တပ်ရင်း(၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်တဲ့ အဖွဲ့ဟာ တော်လှန် ရေးမှာ အတူတကွ လုပ်ဆောင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၄)၊ တပ်ရင်း(၁၁) ဗိုလ်ကြီး စောဘွဲ့မှူးနဲ့ တာဝန်ရှိတဲ့သူတွေကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ တယ် လို့သိရပါတယ်။

အဲ့ဒီလိုတွေ့ဆုံးပြီးနောက် အပြန်လမ်းမှာ နှစ်ကြိမ်တိုင်ချောင်းမြောင်းပစ်ခတ်ခံရတာလို့ဆိုပါတယ်။အဲ့ဒီလို ချောင်း မြောင်းပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ KNU တပ်မဟာ(၄) တပ်ရင်း(၁၁)က တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာလို့ MSDF ဘက်ကဆိုပါတယ်။

ဒီလို ပြောဆိုထားတာနဲ့ပတ်သက်လို့ DNA ကသီးခြားအတည်မပြုနိုင်သလို KNU တပ်မဟာ(၄)တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ “အခုသွားတဲ့အဖွဲ့တွေအချင်းချင်းကလည်း နဂိုကတည်းက ရင်းနှီးနေပြီးသားပဲ၊ ယခင်ကတည်းက သွားနေကျ၊ လာနေကျပဲ၊ တော်လှန်ရေးကာလမှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေပဲ၊ အဲဒီမှာ ဖြစ်တာက အစည်း အဝေး တခု က သူတို့(KNU)ဘက်က ခေါ်လို့ သွားတယ်လို့ သိရတယ်၊ နိုင်တမော့ချမ်းဦးဆောင်တဲ့အဖွဲ့ဘက်က ၁၂ ဦးသွား တယ်” လို့ မွန်ပြည်နယ်ကာကွယ်ရေးတပ်(MSDF) မြောက်ပိုင်းတာဝန်ခံက DNAကို ပြောပါတယ်။ တွေ့ဆုံဆွေးနွေးပြီးနောက် ပြန်လာချိန် ဧပြီ ၃၀ ရက် မနက် ၇ နာရီဝန်းကျင်ကမြိတ်ခရိုင်၊ ဘုတ်ပြင်း မြို့နယ်တ နေရာမှာတကြိမ်၊အဲ့ဒီနေ့နေ့လယ်ပိုင်းက ပြည်ကြီးမဏ္ဍိုင်ရွာအနီးမှာတကြိမ် ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ MSDF က ထုတ်ပြန်ထားပါတယ်။ ပထမအကြိမ် ပစ်ခတ်ခံရချိန်မှာ တပ်ခွဲမှူးတဦးနဲ့ တပ်သားတဦး ကျဆုံးခဲ့သလို ဒုတိယအကြိမ် ပစ်ခတ်ခံရမှု မှာ တော့အရပ်သားယာဉ်မောင်းတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပထမအကြိမ် ပစ်ခတ်ခံရတဲ့ နေ ရာဟာ KNU တပ်မဟာ(၄)တပ်ရင်း(၁၁)ဂိတ်အနီးမှာဖြစ်တယ်လို့ MSDF မြောက်ပိုင်းတာဝန်ခံကပြောပါတယ်။ ပစ်ခတ်ခံရပြီး သုံးရက်အကြာ မေလ ၃ ရက်မှာတော့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ တပ်ရင်း(၃) တာဝန်ခံ နိုင်တမော့ချမ်းနဲ့အတူ တပ်ဖွဲ့ဝင်လေးဦးတပ်ရင်းကို ပြန်လည်ရောက်ရှိလာပေမယ့် ကျန်တဲ့တပ်ဖွဲ့ဝင်ငါးဦးကတော့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

“ပစ်ခံရတော့ ပြန်ဆုတ်လာတဲ့ အချိန်၊ ကားတစီးနဲ့ ဆိုင်ကယ်နဲ့လည်းပါတယ်၊ဆိုင်ကယ်တွေက အရှေ့ဘက်ကို ရောက်နေတဲ့အချိန် ကားကို ပစ်လိုက်တာ၊ ပထမအကြိမ်နဲ့ မလှမ်းမကမ်းမှာပဲ ဒုတိယအကြိမ်ပစ်ခံရတယ်၊ အဲ ဒီပစ်ခတ်ခံရမှုမှာ လမ်းမှာ တွေ့လို့ ငှားသွားတဲ့ အရပ်သားကားသမား တယောက်ကျတယ်၊ ရဲဘော်တဦးကျတယ်၊ နောက်ငါးယောက်က အဆက်အသွယ်မရဘူး ပျောက်နေတယ်” လို့ MSDF မြောက်ပိုင်းတာဝန်ခံက ပြောပါတယ်။

အဲဒီပစ်ခတ်ခံရမှုတွေအတွင်း AK-16 သေနတ်တလက်၊ (၃၅၇)ဆုံလည် ၁ လက်၊ M-16 တလက်နဲ့ လက်ဗစ်ဗုံးတွေ ရှုံးဆုံးခဲ့ရတဲ့အပြင် နိုင်တမော့ချမ်းအဖွဲ့ကို လက်နက်လာရောက်ပို့ဆောင်ပေးတဲ့ နိုင်မွန်သိမ်းတပ်ဖွဲ့ကတပ်ဖွဲ့ဝင် တွေယူလာတဲ့ လက်နက်တွေကိုလည်း KNU/KNLA တပ်မဟာ(၄)၊ တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တွေက ဘုတ်ပြင်းမြို့ နယ် ကော့ဟံသာရွာအနီးကလမ်းမှာ တားဆီးပြီးသိမ်းယူသွားတယ်လို့ ဆိုပါတယ်။

“အဲဒီနေ့မှာပဲချိန်းထားကြတာ၊ နိုင်တမော့ချမ်းပြန်ရင် လက်နက်တွေ ယူသွားဖို့ပေါ့၊ ကျွန်တော်တို့ MSDF အဖွဲ့ကပဲ၊ နိုင်မွန်သိမ်းတပ်ဖွဲ့ကရဲဘော်လေးဦးက နိုင်တမော့ချမ်းဆီကို သေနတ်လာပို့တာ၊ နိုင်တမော့ချမ်းက ဒီဘက်ကို ပြန် ဆင်းလာမှာ ဆိုတော့လေ၊ အဲဒါလာပို့တာ လမ်းမှာ KNU/KNLA ဘက်ကပဲ လက်နက်တွေကို သိမ်းလိုက်တယ်၊ လူကို ဘာမှ မလုပ်ဘဲ ပြန်လွှတ်လိုက်တယ်” လို့ MSDF မြောက်ပိုင်းတာဝန်ခံက ပြောပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ်မတော် (MSDF)အနေနဲ့ ကရင်အမျိုးသားအစည်း အရုံး (KNU) ဗဟိုဌာနချုပ်အပါအဝင် တပ်မဟာ (၄) တာဝန်ရှိတဲ့သူတွေထံကို ဆက်သွယ်နေဆဲဖြစ်ပြီး လက်ရှိ KNU ဘက်က တစုံတရာ အကြောင်းပြန်တာမျိုးမရှိသေးလို့သိရပါတယ်။

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအပေါ်မှာ တပ်မဟာ ၄ ဘက်က အခုလို ပြုမူဆက်ဆံတာဟာ ဘာကြောင့်လဲ ဝေခွဲ မရဖြစ်တယ်၊စိတ်လည်းမကောင်းဘူး၊ ကျွန်တော်တို့ အရင်ခေတ်အဆက်ဆက်ကလည်း ကရင်နဲ့ မွန်ကလည်း အ များကြီး အတူတူလုပ်ခဲ့တာရှိခဲ့တာပဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက အောက်ခြေက ဖြစ်တာပေါ့နော်၊ အဲဒီ အပေါ်မှာ လူမျိုးရေးအသွင်ဆောင် တဲ့ဟာဖြစ်လာမှာ စိုးရိမ်တယ်၊တော်လှန်ရေးမှာ အနှောက်အယှက်ဖြစ်မှာ ကိုလည်း စိုးရိမ်တယ်” လို့ MSDF မြောက်ပိုင်းတာဝန်ခံက ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ တနင်္သာရီဒေသတပ်၊ တပ်ရင်း(၃) တာဝန်ခံ နိုင်တမော့ချမ်းဟာ အရင်က မွန် ပြည်သစ်ပါတီ(MNSP)က ဗိုလ်မှူးအဆင့်ရှိသူတဦးဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းကမှ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ကာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နဲ့ ပူးပေါင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။