အရာတော် နောင်ကြီးအိုင်ရဲစခန်း တိုက်ခိုက်ခံရ၊ သေဆုံးထိခိုက်မှုရှိတယ်လို့ဆို

မေ၊ ၄
 
ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်မှုတွေလုပ်လေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မြောက်ပိုင်းက နောင်ကြီးအိုင်ရဲစခန်းကို ဒီကနေ့မေလ ၄ ရက် နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ Zero ပျောက်ကြားရယ်၊ အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရယ်၊ တပ်ရင်းတပ်ဖွဲ့တွေရယ်ပါတယ်၊ နေ့ခင်းပိုင်းက ဒရုန်းနဲ့ထုတယ် ပြီးတော့လက်နှက်ကြီးနဲ့ ထုကြတယ်၊ အသေအပျောက်ရှိတယ်၊ ဒဏ်ရာရသူများတယ် ” လို့ သူကဆိုပါတယ်။
 
ဒါ့အပြင်ဒီကနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်ကလည်း မုံရွာ-အရာတော်လမ်းပိုင်းပေါ်က စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ စက်မှုလယ်ယာဂိတ်ကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်းထဲက တခြားမြို့နယ်တွေလိုပဲ အရာတော်မြို့နယ်ဟာလည်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းပြီး လက်ရှိမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတာဖြစ်ပါတယ်။
 
အရာတော်မြို့နယ်အတွင်း ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ထားသလို မြေပြင်စစ်ကြောင်းတွေလည်း မကြာမကြာ လှုပ်ရှားလေ့ရှိပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း မြို့အရှေ့ဘက်က တော်လှ၊ နဘဲလှ စတဲ့ကျေးရွာတွေဘက်ကို အင်အားငါးဆယ်ဝန်းကျင်ပါ စစ်ကြောင်းတကြောင်း ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲ့ဒီလို မြို့အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန် မြို့မြောက်ဘက်က နောင်ကြီးအိုင်ရဲစခန်းနဲ့ အရာတော်မြို့အနောက်ဘက်မြို့အထွက်အနီးက စက်မှုလယ်ယာဂိတ်တွေ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ 
ဓာတ်ပုံ – Google