ထီးလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ YRA ပြော

မေ၊ ၄
 
မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်၊ အောင်းမြောက်ရွာအနီးမှာ အင်အားတရာ့လေးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့ မေလ ၄ ရက်မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ထီးလင်းအခြေစိုက် YRA စစ်ဦးစီး သခင်ဇော်က DNA ကိုပြောပါတယ်။
 
” မိုင်းဆွဲတာမဟုတ်ဘဲနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်တာပါ၊ မြေပြင်ရဲဘော်တွေက စစ်ကောင်စီစစ်သား ခုနစ်ယောက်သေတယ်ဆိုတာ သူတို့မြင်ခဲ့ရတာကို ပြောတာ၊ ဒဏ်ရာရာတွေလည်း ရကြတယ် ” လို့ သူကပြောပါတယ်။
 
ထီးလင်းမြို့နယ် ရွှေအောင်သာအထိုင်တပ်ကနေ အောင်းရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မနက် ၈ နာရီကျော်မှာ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်ဝဲလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲကြာမြင့်ချိန် မိနှစ်နှစ်ဆယ်ခန့်သာရှိတယ်လို့ YRA ထီးလင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဆုတ်ခွာချိန် လက်နက်ကြီးနဲ့ ခုနစ်ချက်ပစ်ရာမှာ စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့နေရာကို ထိမှန်ခဲ့တဲ့အတွက် ထိခိုက်မှုရှိနိုင်တယ်လို့လည်း YRA တပ်ဖွဲ့က ဗိုလ်ယောနိုင်က ပြောပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုကို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
” ခုတိုက်ပွဲဖြစ်တဲ့နားက အောင်းရွာမှာ လူတွေမနေတော့တာ တနှစ်ကျော်၊ ဆယ့်လေးငါးလရှိပါပြီ။ ရွှေအောင်သာကို စစ်တပ်က လာအထိုင်ချကတည်းက မနေကြတော့တာ ” လို့ ထီးလင်းဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီက ထီးလင်းမြို့နယ် ပ.အ.ဖ ရုံးကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ ဧပြီ ၂၀ ရက်ကစလို့ ခုချိန်ထိ ဖုန်းလိုင်းတွေဖြတ်တောက်ထားတယ်လို့ YRA ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။
 
” အရင်က ရနေကျနေရာတွေမှာကို လိုင်းက မရတော့တာ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရဖို့ အဝေးကြီးသွားရတယ် ” သူကပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းကို ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်းနှင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၈)-YNRF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 
ဓာတ်ပုံ​- YRA