တပ်စွဲတဲ့ရွာထဲကနေ တပ်သားတချို့ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်က ရွာသားတွေကို နှင်ထုတ်

မေ၊ ၄
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ လူနေရွာထဲ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်စခန်းကနေ တပ်သားတချို့ ထွက်ပြေးသွားပြီးနောက် အဲဒီရွာတွေက ရွာသားတွေအကုန်လုံးကို ရွာမှာမနေကြဖို့ စစ်တပ်က နှင်ထုတ်လိုက်တယ်လို့ ရွာသား‌တွေက ပြောကြပါတယ်။
 
ဘူးသီးတောင်မြို့နယ်တောင်ပိုင်း မေယုတောင်တန်းအနီးမှာရှိတဲ့ ဖရုံချောင်းနဲ့ ငှက်ပျောချောင်းရွာသားတွေကို စစ်ကောင်စီတပ်သားတွေက အဲဒီလိုနှင်ထုတ်လိုက်တာဖြစ်ပါတယ်။
 
“ လမ်းမလျှောက်နိုင်တဲ့ အဘိုးကြီး၊ အဘွားကြီးတွေရော အကုန်လုံး တယောက်မကျန် ရွာထဲက ထွက်ခိုင်းတယ်၊ သူတို့ ပြန်လာခိုင်းမှပဲ လာကြရမယ်ပေ့ါ၊ အခု ကျွန်တော်တို့က အနီးအနားက ရွာတွေမှာ သွားနေကြရတယ်၊ သူတို့ တပ်ထဲက စစ်သားတွေ ထွက်ပြေးသွားတယ်လို့ ပြောတယ်၊ အဲဒါကြောင့် နှင်ထုတ်တာပါ ” လို့ စစ်ကောင်စီတပ်သားတွေနှင်ထုတ်လို့ ထွက်ပြေးနေရတဲ့ အမည်မဖော်လိုသူဒေသခံတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ငါးရက်လောက်ကတည်းက အဲဒီလို ရွာမှာမနေကြဖို့ လာပြောတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေအပါအဝင် ထွက်ပြေးနေရသူဟာ နှစ်ရာဝန်းကျင်လောက်ရှိကာ သက်ကြီးရွယ်အိုတွေနဲ့အတူ ထွက်ပြေးကြတာမို့ အခက်အခဲကြုံကြရတယ်လို့ ဆိုကြပါတယ်။
 
“ သူတို့စစ်သားတွေ ထွက်ပြေးသွားတော့ ဒီကောင်တွေက မကျေမနပ်တွေ ဖြစ်နေကြတာ၊ အဲဒါကြောင့်မို့ ရွာသားတွေကို နှင်ထုတ်တာ၊ ရွာထဲမှာ ဒီကောင်တွေ ဘာလုပ်ကြဦးမလဲမသိဘူး၊ စစ်သားတွေ ပြေးတာကတော့ ဒီဘက်မှာ ခဏခဏပဲ၊ လက်နက်အပြည့်အစုံနဲ့ အုပ်စုလိုက်ကို ပြေးကြတာ ” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။
 
အခုရွာသားတွေကို နှင်ထုတ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် (AA)တို့ကြား အပစ်အခတ်တွေရပ်စဲပြီးနောက်ပိုင်းမှ ဖရုံချောင်းနဲ့ ငှက်ပျောချောင်းရွာတို့ကို ရောက်လာတာဖြစ်ပြီး ရွာထဲက ဘုန်းတော်ကြီးကျောင်းမှာ စခန်းချနေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ ဒီဟာတွေက အပစ်ရပ်ပြီးနောက်ပိုင်းမှ အင်အားဖြည့်ထားတာ၊ ဒီလို ရွာသားတွေကို နှင်ထုတ်နေကြတယ်ဆိုတော့ တိုက်ပွဲတွေ ပြန်ဖြစ်မလားထင်ရတယ်၊ နောက် ဒီကောင်တွေ အဲဒီမှာ အထိုင်ချချင်လို့လုပ်တာလည်း ဖြစ်နိုင်တယ် ” လို့ ဘူးသီးတောင်ဒေသခံက ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလတွေအတွင်းမှာလည်း ရခိုင်ပြည်နယ်အတွင်းက လူနေကျေးရွာတွေအတွင်းမှာ စခန်းချနေထိုင်တာတွေရှိပြီး ရွာသားတွေကို ရွာထဲမှာမနေရဲအောင် ခြိမ်းခြောက်တာတွေ ရှိခဲ့ပါတယ်။
 
လက်ရှိမှာလည်း ရွာထဲ စစ်ကောင်စီတပ်သားတွေရှိနေလို့ နေရပ်စွန့်ခွာနေကြရတဲ့ လူနေကျေးရွာပေါင်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း အပစ်ရပ်ပြီးနောက်ပိုင်းမှာပင် လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးထွက်ကြတဲ့ စစ်ကောင်စီ တပ်သားဆယ်ဦးကျော်အထိ ရှိပြီဖြစ်ပြီး အများစုဟာ AA တပ်စခန်းတွေဆီ ထွက်ပြေးကြတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ 
ဓာတ်ပုံ – Google
ပုံစာ – ရခိုင်ဒေသတိုက်ပွဲပြင်းထန်ချိန်က ဘူးသီးတောင်မြို့ပေါ် တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တချို့။