မေ၊ ၄
လက်ဖက်ကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လေ့ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ လက်ဖက်စိုက်တောင်သူတွေမှာ လက်တလော လက်ဖက်ဈေးကောင်းနေပေမယ့် ကုန်ဈေးနှုန်းကြီးမားမှုကြောင့် တွက်ခြေမကိုက်ဖြစ်နေတယ်လို့ လက်ဖက်စိုက်တောင်သူတွေက ပြောပါတယ်။
လက်ဖက်အစို တပိသာကို ကျပ် ၃၀၀၀ မှ ၃၅၀၀ ကြား အရောင်းအဝယ်ဖြစ်နေသလို လက်ဖက်ခြောက် တပိသာကို ၈၅၀၀ အထက်ရှိနေပြီး နယ်မြေအလိုက် ဈေးနှုန်းကွာဟမှုတွေရှိတယ်လို့ ပလောင်းလက်ဖက်စိုက်ထုတ်လုပ်ရောင်းချသူများအသင်းက အတွင်းရေးမှူး ဦးဇော်ညွန့်က ဆိုပါတယ်။
” အခုတက်နေတဲ့ ကုန်ဈေးနှုန်းအရဆိုရင်တော့ လက်ဖက်ဈေးက နည်းသေးတာပေါ့။ တပိသာ လေးထောင်လောက်ဆိုမှ ဒီကုန်ဈေးနှုန်းနဲ့ ပြန်ကိုက်မှာပေါ့။ အရင်နှစ်တွေကတော့ ကုန်ဈေးနှုန်းသိပ်မတက်တော့ လက်ဖက်ဈေးနဲ့ အဆင်ပြေတာပေါ့ဗျ။ အခုက လက်ဖက်ဈေးကောင်းတယ်ဆိုပေမယ့် ကုန်ဈေးနှုန်းနဲ့ကျတော့ မကာမိဘူးဖြစ်နေတယ် ” လို့ သူကပြောပါတယ်။
လက်ရှိ ရှမ်းမြောက်ဒေသမှာ ရာသီဥတုပြောင်းလဲမှုကြောင့် လက်ဖက်အထွက်နှုန်းနည်းနေသလို ဈေးကွက်အတွင်း ဝယ်လိုအားများနေတဲ့အတွက်ကြောင့် လိုအပ်ချက်တွေရှိနေတယ်လို့ သူကဆိုပါတယ်။
” အခု အထွက်နှုန်းနည်းတယ်ဆိုတာက ရာသီဥတုဖောက်ပြန်လိုပေါ့။ သူက လစဉ်မိုးမရွာဘူး၊ ကျနော်တို့က တလကို တခါလောက်ရွာပေးတယ်ဆိုရင် သင်္ကြန်မတိုင်ခင် အရင်လတွေမှာ တလတခါလောက်မိုးကျရင် သင်္ကြန်မှာ ကောင်းကောင်းထွက်တယ်လေ။ သင်္ကြန်နားနီးမှ မိုးသီးတွေကျလိုက်တော့ သူကအေးသွားတော့ ပြန်ငုတ်သွားတယ်။ လိုအပ်တဲ့အချိန်ကျတော့ မရွာဘူး မလိုတဲ့အချိန်ရွာတာ အဲလိုဖြစ်သွားတယ် ” လို့ ဦးဇော်ညွန့်က ပြောပါတယ်။
လက်ရှိလက်ဖက်ရာသီကို ရွှေဖီနှောင်းပိုင်းလို့ခေါ်ပြီး လက်ဖက်တဧကကို အထွက်ကောင်းတယ်ဆိုပါက လက်ဖက်အစို ပိသာ ၂၀၀ ကနေ ၂၅၀ ကြားရရှိနိုင်တယ်လို့ လက်ဖက်စိုက် တောင်သူတဦးက ပြောပါတယ်။
” အခုက ရွှေဖီ လက်ဖက်ထွက်ချိန်ပြီးသွားတာပေါ့။ အဲဒါ့ကြောင့် ရွှေဖီနှောင်းလို့ခေါ်တာ ရွှေဖီနဲ့ ခါးကန်ဦးကတော့ ဆက်သွားမယ်ထင်တယ်ဗျ။ အခုက လက်ဖက်ဈေးကောင်းတယ်ဆိုပေမယ့် အထွက်နည်းတယ်လေ မိုးကရွာလိုက်တော့ အညွန့်တွေပျက်ကုန်တာရှိတယ်။ ကုန်ဈေးနှုန်းကကြီးတော့ ရတဲ့ဈေးနဲ့ မကိုက်ဘူးဖြစ်နေတာပေါ့ ” လို့ သူကပြောပါတယ်။
တနှစ်ပတ်လုံးအတွက် လက်ဖက်ခူးချိန်ကို ၃ ကြိမ်ခွဲသတ်မှတ်လေ့ရှိပြီး မတ်လနောက်ဆုံးပတ်ကနေ မေလဆန်းအထိ ရွှေဖီလက်ဖက် ရာသီချိန်အဖြစ် သတ်မှတ်တာပါ။ ဇွန်လနောက်ပိုင်းကစလို့ မိုးရာသီကို ခါးကန်လက်ဖက်ရာသီချိန်လို့ ခေါ်ဆိုပြီးတော့ မိုးရာသီနှောင်းပိုင်းကနေ ဒီဇင်ဘာလ လောက်အထိကို နှင်းသက်လက်ဖက်ချိန်အဖြစ် သတ်မှတ်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ရှမ်းမြောက်က လက်ဖက်စိုက်တောင်သူတွေအနေနဲ့ လက်ဖက်အရည်အသွေး မကျစေရန်အတွက်ရည်ရွယ်ပြီး လက်ဖက်အစိုတွေကို ကျီးပေါင်းရွက်တွေ ရောမရောင်းကြဖို့ကိုလည်း ဒေသအခြေစိုက် တအာင်းအမျိုးသားလွတ်မြာက်ရေးအဖွဲ့ TNLA တားမြစ်ထားပါတယ်။
” အဓိကတော့ လက်ဖက်အရည်အသွေးမကျအောင်ထိန်းတာပေါ့။ ဒါပေမယ့် အဲဒါတွေရောတာများတာက လက်ဖက်ရွက်ကြမ်းတို့ ခြောက်ပြီးသားရွက်ကြမ်းတွေ ကျီးပေါင်းတွေရောတာပေါ့။ တောင်သူတွေအတွက် အဆင်ပြေတာပေါ့ အရည်သွေးထိန်းထားတာဆိုတော့လေ။ လုပ်ငန်းရှင်တွေကျတော့ အရောအနှောလုပ်ရင် ပိုအမြတ်အစွန်းရတယ်လေ ” လို့ ဦးဇော်ညွန့်က ပြောပါတယ်။
ဓာတ်ပုံ – CJ