ဟုမ္မလင်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်

မေ၊ ၄
 
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီကနေ့မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတွေရှိတယ်လို့ ဟုမ္မလင်းဒေသခံတဦးက DNA ကို ပြောပါတယ်။
 
“ နောင်ပိုအောင်နောက်ကျောဘက်မှာ မနက်က လေးနာရီလောက်ကနေစပြီး ရှစ်နာရီလောက်ထိ တိုက်ပွဲတွေဖြစ်တာ၊ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့လည်း သိရတယ်၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် “ လို့ သူကဆိုပါတယ်။
 
ဟုမ္မလင်းမြို့အရှေ့တောင်ဘက် ဥရုမြစ်တဖက်ကမ်းမှာရှိတဲ့ တောင်ဦးနဲ့ တောင်ဘို့လှရွာတွေက စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA)ပူးပေါင်းစခန်းတွေကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်တယ်လို့ ဒေသခံတွေကပြောပေမယ့် ဟုမ္မလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက အတည်ပြုထုတ်ပြန်ထားတာ မရှိသေးသလို DNA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားရာမှာလည်း အဆက်အသွယ်မရသေးပါဘူး။
 
ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)ကတော့ ဒေသအတွင်းမှာ ဧပြီ ၂၈ ရက်ကစလို့ တိုက်ပွဲတွေဖြစ်နေကာ လက်ရှိအချိန်အထိ စစ်ရေးအရှိန်မြင့်နေဆဲဖြစ်တယ်လို့ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ စစ်ရေးအရှိန်မြင့်နေဆဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောက်စီတပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ တပ်စွဲတဲ့နေရာ၊ လုံခြုံရေးကင်း ရှိရာနေရာတွေကို ရှောင်နေကြဖို့လည်း အသိပေးထားပါတယ်။
 
လက်ရှိ ဟုမ္မလင်းဒေသတွင်းမှာ ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး မိုင်တဲလိုင်းတခုပဲ ကြိုကြား ဆက်သွယ်လို့ရနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“ မြစ်တဖက်မှာ ဖြစ်နေရင် ကျန်တဲ့ဘက်က ဘာမှမသိရဘူး၊ ဒီမှာက လိုင်းတွေဖြတ်ထားတာ၊ မိုင်တဲတမျိုးပဲရတာ၊ မိုင်တဲတောင်မှ နေရာတိုင်းမရဘူး၊ လိုင်းရတဲ့နေရာသွားရတာတို့ တောင်ပေါ်တွေသွားရတာတို့ သွားရတာ၊ အဲ့တာကြောင့် ဒီကလူတွေက လိုင်းကိုမသုံးကြတော့ဘူး သတင်းတွေလည်း မသိကြရတော့ဘူး “ လို့ ဟုမ္မလင်းမြို့ခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်ကစလို့ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီနှစ်မြို့နယ်အစပ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးလုပ်ငန်း လုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ခဲ့တယ်လို့ HPDF က ထုတ်ပြန်ထားပါတယ်။
 
ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တချို့ကတော့ တော်လှန်ရေးတပ်ပေါင်းစုတွေက စစ်ကောင်စီရဲ့ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုကြပါတယ်။
 
နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီက ဟုမ္မလင်းမြို့နယ်ထဲက ဝဲဟက်ကျေးရွာကို ဧပြီ ၂၉ ရက်မှာ တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ 
ဓာတ်ပုံ – HPDF