စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ထဲက ပေါ်တူဂီနွယ်ဖွားအများစု နေထိုင်တဲ့ ချမ်းသာရွာ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းမှာပဲ မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့ပြီး ဒီတကြိမ်ဟာ ငါးကြိမ်မြောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ထန်းပင်ကုန်းရွာကနေ ချမ်းသာရွာ စာသင်ကျောင်းကြီးထဲဝင်ပြီး မိုင်းခွဲမီးစရှို့တယ်ဗျ။
ရှို့တာကတော့ (ပင်မ)နှစ်ထပ်ကျောင်းဆောင်ကြီးကို မိုင်းအရင်ခွဲပီး ရှို့တယ်။ ချမ်းသာရွာ နေအိမ်တွေတော့ မရှို့ဘူး။ ရှို့စရာလဲမကျန်တော့ဘူး၊ အခု စာသင်ကျောင်းကိုရှို့တာနဲ့ဆို ငါးကြိမ်မြောက်ပေါ့နော် ” လို့ ရေဦးဒေသခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ၂၀၂၂ ခုနှစ်မှာ သုံးကြိမ်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာတကြိမ် လေးကြိမ်တိုင်တိုင် နေအိမ်တွေကို ရွာလုံးကျွတ်ရှို့ခဲ့ကြတာဖြစ်ပြီး နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ သမိုင်းဝင် ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးလည်း မိုင်းခွဲဖျက်ဆီးခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတကြိမ်မှာတော့ စစ်ကောင်စီတပ်တွေဟာ အနီးနားကရွာတွေကပါ လာတက်ကြတဲ့ ကျေးရွာအထက်တန်းကျောင်းက ပင်မဆောင်နဲ့ ကျောင်းဆောင်ငယ်တွေကို မီးရှို့ခဲ့ပြီး လူနေအိမ်တွေကိုတော့ အရင်ကလို မီးမရှို့ခဲ့ဘူးလို့လည်း ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က ကတည်းက ရေဦးမြောက်ဖက်ခြမ်းကနေ ကံပေါက်၊ ပန်းကုံး၊ မြင်းပေါက် အစရှိတဲ့ရွာတွေကတဆင့် ထန်းပင်ကုန်းရွာ၊ ချမ်းသာရွာ ဘက်ကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။
အဲဒီနောက် ဒီကနေ့မနက်မှာတော့ အခုလို ချမ်းသာကျေးရွာ စာသင်ကျောင်းကြီးကို မိုင်းခွဲမီးတင်ရှို့ခဲ့တာဖြစ်ပြီး နှစ်ထပ်ကျောင်းဆောင်ကြီး ပြိုကျပျက်စီးသွားခဲ့ရကာ ကျောင်းဆောင်ငယ်တွေလည်း မီးလောင်ဆုံးရှူံးလိုက်ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပေါ်တူဂီနွယ်ဖွား လူမျိုးအများစုနေထိုင်ရာ ကျေးရွာကြီးတရွာဖြစ်တဲ့ ချမ်းသာကျေးရွာဟာ အိမ်ခြေ ၈၀၀ နီးပါးရှိပြီး အခုအကြိမ်နဲ့ဆို ငါးကြိမ်မြောက်ဖျက်ဆီးခံခဲရတာဖြစ်ပြီး ရွာမှာရှိတဲ့အိမ်ခြေအားလုံးနီးပါး ကုန်သလောက်မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရပြီလို့ သိရပါတယ်။
” အရင် လေးကြိမ်ရှို့သွားတာ အကုန်လုံးပဲ။ ရည်ရွယ်ချက်ရှိရှိ ချမ်းသာရွာကို အငြိုးအတေးထားပြီး တလတခါ မကုန်မချင်း လေးကြိမ်ရှို့သွားတယ်။ ကျန်တော့တာဆိုလို့ စာသင်ကျောင်းကြီးနဲ့ ရွာအလယ်က ခရစ်ယာန်သုဿန်တခုပဲ ရှို့စရာကျန်တော့တယ် ” လို့ People’s Defense Comrade က ပြန်ကြားရေးတာဝန်ခံ အမေ့သား က DNA ကိုပြောပါတယ်။
” ချမ်းသာရွာက ပေါ်တူဂီမျိုးနွယ်ဝင်တွေလဲ ပေါက်ဖွားရာ ကျေးရွာကြီးပါ။ ဗုဒ္ဓဘာသာဝင်တွေရော ခရစ်ယာန်ဘာသာဝင်တွေရော စည်းစည်းလုံးလုံးနေထိုင်တဲ့ရွာကြီးပါ။ အခုဆို ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ရှိခဲ့တဲ့ သမိုင်းဝင်အုတ်တိုက်တွေ၊ နေအိမ်ကောင်းတွေ ဘာမှမရှိတော့ဘူး ” လို့ People’s Defense Comrade က ပြန်ကြားရေးတာဝန်ခံ အမေ့သား က DNA ကိုပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ချမ်းသာကြီး ကျေးရွာအတွင်းမှာ ဆက်လက်တပ်စွဲနေကြပြီးတော့ အနီးအနားကရွာတွေဖြစ်တဲ့ ထန်းပင်ကုန်း၊ ချမ်းသာရွာ၊ ရွာသစ်၊ ကုန်းသာ၊ မရိုးကုန်း၊ ညောင်လှ၊ တောင်ခွင် ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေသလို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့ OCHA Myanmar ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးမီးရှို့ခံရတဲ့ အိမ်ခြေပေါင်း ခြောက်သောင်းကျော်မှာ စစ်ကိုင်းတိုင်းက လေးသောင်းရှစ်ထောင်နီးပါးရှိတယ်လို့ Data For Myanmar က ဖော်ပြသလို စစ်ရှောင်ပေါင်း ၁,၃၇၀,၀၀၀ ကျော်ရှိတယ်လို့ ISP- Myanmar က ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း ဒီနှစ်ဇန်နဝါရီလက မိုင်းခွဲဖျက်ဆီးခံရအပြီး တွေ့ရစဥ်။