သတင်းလွတ်လပ်ခွင့် အခြေအနေအဆိုးဆုံး ရှစ်နိုင်ငံထဲ မြန်မာပါဝင်

မေ၊ ၄

နှစ်စဉ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ သတင်းလွတ်လပ်ခွင့် အဆင့် တွေ ကို နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)က မနေ့က ထုတ်ပြန်ရာမှာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံ ရှစ်နိုင်ငံထဲ မြန်မာလည်းပါဝင်နေပါတယ်။

ကမ္ဘာတဝန်း နိုင်ငံပေါင်း  (၁၈၀)က သတင်းလွတ်လပ်ခွင့်ရရှိမှုအခြေအနေတွေကို အမှတ်ပေးတွက်ချက်မှုတွေအရ မြန်မာနိုင်ငံဟာ၂၀၂၂ခုနှစ်အတွက် အဆင့် (၁၇၃)မှာရပ်တည်နေတာပါ။

မြန်မာနိုင်ငံနောက်မှာ သတင်းလွတ်လပ် ခွင့်အခြေအနေ အဆိုးဆုံးနိုင်ငံတွေအဖြစ် အရှေ့အာဖရိကနိုင်ငံတခု ဖြစ်တဲ့ အီရီထရီးယား၊ ဆီးရီးယား၊ တာ့ခ်မင်နစ္စတန်၊အီရန်၊ဗီယက်နမ်၊တရုတ်နဲ့ မြောက်ကိုးရီး ယားနိုင်ငံတွေရှိ နေကြပါတယ်။

စစ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်က ဒီစာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် (၁၄၀)မှာရပ်တည်ခဲ့တာပါ။အဲ့ဒီနောက် ပြီးခဲ့တဲ့ နှစ်က အဆင့် (၁၇၆)အထိ ထိုးကျသွားခဲ့တာပါ။

အာဏာသိမ်းပြီးနောက် သတင်းဌာနတွေကိုပိတ်သိမ်းစေတာ၊သတင်းထောက်တွေကို ဖမ်းဆီးအကျဉ်းချနှိပ်စက် တာ၊သတ်ဖြတ်တာတွေကြောင့် သတင်းမီဒီယာလုပ်ငန်းဟာ မြန်မာနိုင်ငံကအန္တရာယ်အများဆုံး လုပ်ငန်းတွေထဲ ပါဝင်လာတယ်လို့ RSF အဖွဲ့က ထောက်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အာဘော်အတိုင်းမဖော်ပြတဲ့ သတင်းသမားတွေကို အကြမ်းဖက်ဖမ်းဆီး နှိမ်နင်းတဲ့ မူဝါဒကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျင့်သုံးနေပြီး ဒီလိုလုပ်ဆောင်ရာမှာ လိုရာဆွဲအရေး ယူနိုင်တဲ့ပုဒ်မတွေကို အသုံးပြုနေတယ်လို့ RSF က ဝေဖန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာဟာ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကို  ဖမ်းဆီး အကျဉ်းချမှု ဒုတိယအများဆုံး လုပ်နေတဲ့ နိုင်ငံဖြစ်လာတယ်လို့လည်း မြေပြင်အချက်အလက်တွေကို ကိုးကားပြီး RSF ကထောက်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ၁၃ ခု လိုင်စင်ပိတ်သိမ်းခံရသလို သတင်းသမား ၁၅၆ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ဒါ့အပြင်သတင်းသမားလေးဦးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ တိုက်ပွဲတွေကြား သေဆုံးခဲ့ပါတယ်။

 လက်ရှိအချိန်အထိလည်း အကျဉ်းထောင်တွေထဲမှာ သတင်းသမား ငါးဆယ်ဝန်းကျင် ဆက်လက် အကျဉ်းချခံ ထားရတာပါ။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း စစ်ကောင်စီဟာ ကန့်ဘလူပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်း နည်းကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့တဲ့ The Voice သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးကျော် မင်းဆွေကို ဖမ်းဆီးကာ အမှုဖွင့်ထားပါတယ်။

အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီက ၅၀၅(က)ပုဒ်မနဲ့ ထောင်ကျ ခံ နေရသူ နှစ်ထောင်ကျော်ကို မနေ့က လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ သတင်းသမားတချို့လည်း ပါဝင်လာခဲ့ပေမယ့် ဆက်လက်ဖမ်းဆီးခံထားရတဲ့သတင်းသမား ဆယ်နဲ့ချီရှိနေပါသေးတယ်။