ကန့်သတ်မှုတွေကြောင့် တနင်္သာရီတိုင်းက စစ်ရှောင်တွေ စားသောက်ကုန်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေ

မေ ၊ ၃

တနင်္သာရီတိုင်းမှာ ပြီးခဲ့ဧပြီလအတွင်း စစ်ရှောင်ဦးရေး လျော့ကျသွားပေမယ့် လူဦးရေသုံးသောင်းလောက် ဆက် လက်စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး စစ်ကောင်စီက ကန့်သတ်မှုတွေလုပ်ထားတာ၊ကုန်ဈေးနှုန်းကြီး မြင့်တာတွေ ကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။

“စစ်ကောင်စီဘက်ကအစစ်အဆေးကျပ်လာသလို ကန့်သတ်မှုတွေ လုပ်လာတာတွေရှိတယ်၊ အဲ့တော့ ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရတာ သမရိုးကျမဟုတ်တော့ လွယ်ကူမနေဘူးပေါ့နော်၊ နောက်ပြီး ကုန်ဈေးနှုန်းက လည်း အဆမတန်မြင့်လာတော့ ဒီအရေအတွက်ကို လောက်ငှဖို့က ကျွန်မတို့မှာ လိပ်ပတ်လည်အောင် မနည်း လုပ်နေရတယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

ဒေသတွင်းက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ရဲ့အချက်အလက်တွေအရ ဧပြီလကုန်အထိ တနင်္သာရီတိုင်းက မြို့နယ်လေးခုမှာ စစ်ရှောင်စုစုပေါင်း သုံး သောင်းလောက်ရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လက တနင်္သာရီတိုင်းမှာ စစ်ရှောင်လေးသောင်းဝန်းကျင်အထိ ရှိခဲ့တာကြောင့် တလအတွင်း စစ် ရှောင်တသောင်းလောက်ပြန်လျော့ကျသွားတဲ့သဘောဖြစ်ပါတယ်။စစ်ရေးတင်းမာမှုနဲ့ တိုက်ပွဲတွေငြိမ်သက်သွား တာကြောင့် တချို့ဒေသတွေကစစ်ရှောင်တွေနေရပ်ပြန်ကြလို့ ပြီးခဲ့လမှာ စစ်ရှောင်ဦးရေလျော့ကျခဲ့ တာဖြစ် ပါတယ်။

လက်ရှိ တနင်္သာရီတိုင်းအတွင်းမြို့နယ်တွေထဲက လောင်းလုံးမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ အများဆုံးအဖြစ် တသောင်းဝန်းကျင်အထိရှိနေတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ကပြော ပါတယ်။

လောင်းလုံးမြို့နယ်ထဲက အောက်ကျောက်ဝပ်နဲ ညောပြင်ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ဒေသခံ ငါးထောင်လောက် အမြဲတမ်းစစ်ရှောင်တွေအဖြစ် နေ ထိုင်နေကြရတာပါ။

အလားတူ တနင်္သာရီ၊ထားဝယ်နဲ့ ပုလောမြို့နယ်တွေမှာလည်း နေရပ်ပြန်လို့ရတဲ့အခြေအနေမရှိလို့ အမြဲတမ်း စစ်ရှောင်တွေအဖြစ် တိမ်းရှောင်နေထိုင်ရသူတွေရှိနေတယ်လို့သိရပါတယ်။

“ကျွန်မတို့ စစ်ရှောင်စခန်းတွေဆီ မရောက်လာတဲ့ စစ်ရှောင်တွေ အများကြီးရှိနေတယ်၊သူတို့ကို အခြေအနေ၊ စစ် ကြောင်းတွေအရ သွားခေါ်ပေးလို့ မရလို့ ရောက်မလာနိုင်ကြတဲ့သူတွေပေါ့နော်၊ ဒီသူတွေက အများကြီး ရှိနေ သေး တယ်၊အမြဲတမ်း အလှူရှင်တွေရှိတယ်ဆိုပေမယ့် အဆမတန်တက်လာတဲ့ ကုန်ဈေးနှုန်းကိုလိုက်ပြီး ရုန်းကန်ရတာ ပေါ့”လို့ ဒေသတွင်း စစ်ရှောင်တွေအရေး ကူညီပေးနေသူက ပြောပါတယ်။

သရက်ချောင်း၊ရေဖြူနဲ့ ကော့ သောင်းမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့လက စစ်ရှောင်ခဲ့ရသူတွေနေရပ်ပြန်သွားကြ လို့ စစ်ရှောင်မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်ကိုတော့ စစ်ကောင်စီက ဖြတ်လေးဖြတ်မူသုံးပြီး ဖိနှိပ်နေသလို စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာလည်း စစ်ဆေး၊ကန့်သတ်မှု တွေ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့  စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။