သေဒဏ်ချမှတ်ခံထားရသူ ၃၈ ဦးကို ထောင်ဒဏ်တသက်ပြောင်းလဲ သတ်မှတ်

မေ ၊ ၃

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ သေဒဏ်သတ်မှတ်ခံထားရတဲ့ အကျဉ်းသား ၃၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်ခွင့်ပြုပြီး ထောင်ဒဏ်တသက်ကို ပြောင်းလဲကျခံစေဖို့ သတ်မှတ်လိုက်တယ်လို့ စစ်အုပ်စုက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မှာကျရောက်တဲ့ ကဆုန်လပြည့်နေ အထိမ်းအမှတ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ(က) အရ အဲဒီလို ပြောင်းလဲသတ်မှတ်တာလို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက သေဒဏ်အပြစ်တွေကို ထောင်အတွင်း ပြန်လည်ကျင့်သုံးနေစဉ် အခုလို သေဒဏ်ကနေ ထောင်ဒဏ်ကိုပြောင်းလဲလိုက်တဲ့အတွက် အဲဒီ ၃၈ ဦး ထောင်အတွင်းမှာပဲ သေဆုံးတဲ့အထိဆက်လက်နေထိုင်သွားရတော့မှာပါ။

အခုလို သေဒဏ်ကနေ ထောင်ဒဏ်တသက်ကိုပြောင်းလဲ လိုက်တဲ့သူတွေကို ဘယ်လို ပုဒ်မတွေနဲ့ သေဒဏ်ချတယ် ဆိုတာအပါအဝင် အမျိုးသား၊ အမျိုးသမီးဘယ်နှစ်ဦးကို ပြောင်းလဲပေးလိုက်တယ်ဆိုတာ တိတိကျကျတော့ စစ်အုပ်စုက ထုတ်ပြန်မထားပါဘူး။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လပိုင်းလလောက်က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေး သမားတွေဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် ပုဒ်မ မျိုးစုံနဲ့တရားစွဲခဲ့ပြီး ကြိုးပေးကွပ်မျက်ခဲ့တာပါတယ်။ 

မြန်မာနိုင်ငံမှာဥပဒေအရ သေဒဏ်ပေးတာရှိပေမယ့် ဆယ်စုသုံးစုကျော်မကျင့်သုံးခဲ့တဲ့ သေဒဏ်ပေးတာကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာပြန်လည်ကျင့်သုံးတာလို့လည်းပြောရမှာဖြစ်ပါတယ်။

အလားတူပဲ စစ်အုပ်စုက ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ အထိမ်းအမှတ်ဟုဆိုကာပုဒ်မ  ၅၀၅-က နဲ့ ဖမ်းဆီးခံနေရတဲ့ အကျဉ်းသား ၂၀၀၀ ကျော်ကိုအကျဉ်းထောင်အသီးသီးကနေ ခံဝန်ထိုးစေပြီး ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဒီလ ၂ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဏသိမ်းပြီး ၂ နှစ်ကျော်အတွင်း အကျဉ်းထောင်မှာထိန်းသိမ်းခံထားရသူ ၁၁၂ ဦးနဲ့ မျက်ကွယ်သေဒဏ်ချခံထားရသူ ၄၂ ဦး၊ စုစုပေါင်းသေဒဏ်ချခံထားရသူ ၁၅၄ ဦးရှိတယ်လို့ သိရပါတယ်။