ဆက်ပြီးအားပေးထောက်ခံနေမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

မေ၊ ၃

နေပြည်တော်ကို ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတောအတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံတကာ အရေးတွေမှာ ထောက်ခံရပ်တည် ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မေလ ၂ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဝင် အစိုးရကို လက်နက် အားကိုးနဲ့ ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော် ကာလနောက်ပိုင်း မင်းအောင်လှိုင်ကို တရုတ် အစိုးရရဲ့ အဆင့်အမြင့်ဆုံး အရာရှိ တဦးက လာရောက် တွေ့ဆုံမှုလည်း ဖြစ်လာခဲ့ပါတယ်။

တရုတ်ဟာ မြန်မာစစ်တပ်ရဲ့ အဓိက မဟာမိတ် နိုင်ငံတခုဖြစ်ပြီး အော့နှလုံးနာစရာ သတင်းဆိုးတွေကြောင့် နိုင်ငံတကာက ဖယ်ကြဉ်ထားကြတဲ့ အာဏာသိမ်း စစ်တပ်ကို စစ်လက်နက်တွေ ထောက်ပံ့ ကူညီပေးနေပါတယ်။ ပြီးတော့ စစ်တပ်ရဲ့ တရားလက်မဲ့ အာဏာသိမ်းမှုကိုလည်း တရုတ်အစိုးရက တရားဝင် ရှုတ်ချတာမျိုး မရှိခဲ့ပါဘူး။

မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ချင်က တရုတ်ဟာ နိုင်ငံတကာ ရေးရာ ကိစ္စတွေမှာ မြန်မာနဲ့အတူ ရပ်တည်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးတွေအတွက် ကူညီရာမှာ နိုင်ငံတကာ အနေနဲ့ အပြုသဘောဆောင်တဲ့ နည်လမ်းတွေကို ရွေးချယ်ပြီး မြန်မာ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလည်း လေးစားသင့်တယ်လို့ ချင်က ဆိုပါတယ်။

စစ်အာဏာရှင် လက်အောက်ခံ သတင်းစာတွေရဲ့ ဖော်ပြချက်အရ ချင်ဟာ မြန်မာနိုင်ငံဟာ မေလ ၄ ရက်ထိ ဆက်ရှိနေမယ်လို့ သိရပါတယ်။ စစ်တပ် ဝါဒဖြန့် မီဒီယာတွေက ချင်နဲ့ မင်းအောင်လှိုင်တို့ဟာ သံတမန် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ လျှပ်စစ်စွမ်းအင် ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြခဲ့ပါတယ်။

ချင်က တရုတ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးနဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်က ပရောဂျက်တွေ ဖော်ဆောင်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေမှာ ဆက်လက် အကူအညီ ပေးနေမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ချင်ဟာ စစ်တပ်က ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

တရုတ်ဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အရှုပ်အထွေးတွေမှာ နှစ်ဖက်ခွပြီး လောင်းကြေးထပ်နေတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ တရုတ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ ပြိုင်ဘက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကိုလည်း ကျောထောက်နောက်ခံ ပြုထားပြီး လက်နက်တွေ တပ်ဆင်ပေးနေပါတယ်။ အဲဒီထဲက တချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ အာဏာသိမ်းမှု အလွန်မှာ စစ်တပ်နဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်လည် စတင်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရေစီ ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေက ဖယ်ခွာထားတဲ့ အထီးကျန် စစ်အာဏာရှင်တွေနဲ့ ဆက်ဆံရေးကိုလည်း တရုတ်က ဆက်လက် ထိန်းသိမ်းထားပါတယ်။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ကူညီ ကာကွယ် ထောက်ခံပေးမယ်လို့ ပြီးခဲ့တဲ့နှစ်မှာ တရုတ်က အတိအလင်း ပြောကြားခဲ့ဖူးပါတယ်။  

 

Ref: AFP