မြန်မာသတင်းသမားတွေ ဆိုးရွားစွာဖိနှိပ်ခံနေရတဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

 

မေ၊ ၃

 
ဒီကနေ့ မေလ ၃ ရက်နေ့ဟာတော့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက တောက်လျောက်ဆိုသလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေသလို သတင်းသမားအများစုဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းသမား ၁၅၆ ယောက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ စစ်ကောင်စီက Delta News Agency အပါအဝင် သတင်းမီဒီယာ ၁၃ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။
 
လက်ရှိအချိန်ထိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ သတင်းသမား အယောက် ၅၀ ကိုလည်း ပုဒ်မ ၅၀၅ အပါအဝင်အကြမ်းဖက်ပုဒ်မတွေတပ်ပြီး စစ်ကောင်စီက ဖမ်းဆီး၊ တရားစွဲဆို ထောင်ချထားပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းထားတဲ့ ကာလတလျောက်မှာတော့ သတင်းထောက်လေးဦးဟာ စစ်ကောင်စီရဲ့ ဖမ်းးဆီးသတ်ဖြတ်မှုနဲ့ တိုက်ပွဲကြားမှာ သေဆုံးခဲ့ပါတယ်။
 
အာဏာသိမ်းကာလတလျောက်မှာ သတင်းသမားတွေဟာ လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ဖိနှိပ်ဖမ်းဆီးမှုကြား ပြည်တွင်းမှာ သတင်းအလုပ်ဆက်လုပ်နေကြသူတွေရှိသလို အများစုကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘေးလွတ်ရာဒေသတွေမှာ သတင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေသူတွေ ရှိပါတယ်။
 
အလားတူပဲ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာလည်း မြေပြင်သတင်းတွေကို သက်စွန့်ဆံဖျား ဖော်ထုတ်ရေးသားနေသူတွေလည်း ဆက်ရှိနေပါတယ်။
 
မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံးနိုင်ငံတွေထဲမှာ တတိယမြောက်နေရာမှာရှိနေတယ်လို့လည်း သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
 
ဒီကနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဖိနှိပ်မှုနဲ့ အခက်အခဲတွေကြား ရုန်းကန်ပြီး သတင်းမီဒီယာအလုပ်ကို ဆက်လက်လုပ်ကိုင်နေတဲ့ သတင်းထောက်အားလုံးကို DNA က လေးစားစွာဂုဏ်ပြုအပ်ပါတယ်။