ပြည်မြို့မှာ ကိုဗစ်ကူးစက်ခံရသူအမျိုးသမီးတဦးသေဆုံး၊ဆက်စပ်သူတွေကိုနေအိမ်ပြန်လွှတ်လို့ ဒေသခံတွေ စိုးရိမ်နေ

မေ၊ ၂

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ သက်ကြီးအမျိုးသမီးတဦး ပဲခူးတိုင်း၊ပြည်မြို့ဆေးရုံကြီးမှာ ကွယ်လွန်သွား ပြီးနောက် ထိစပ်ထားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ နေအိမ်ပြန်လွှတ်လို့ ဒေသခံတွေစိုးရိမ် နေ ကြတယ်လို့ သိရပါတယ်။

“လူနာစောင့်တွေကို ဒီနေ့ပဲ သူတို့နေတဲ့ မြန်အောင်ကိုပြန်ပို့ရမယ်လို့‌ ဆေးရုံအုပ်ကြီးကပြောတယ်၊သူတို့မှာ ရောဂါ ပိုးရှိမရှိလည်းမသိရသေးဘူး၊ပရဟိတအသင်းတွေကလည်း ပို့ပေးဖို့ အဆင်မပြေဘူးလို့ကြားတယ်၊ လူနာစောင့် တွေက ခရီးသည်ကားတွေနဲ့ပြန်ရင် ရောဂါပိုးသူတို့မှာပါရှိခဲ့ရင် ပျံ့မှာ အသေအချာပဲ”လို့ ဒီအခြေအနေကိုသိတဲ့ ကျန်းမာရေးဝန်ထမ်း တဦးက DNA ကိုပြောပါတယ်။

ပြည်မြို့တဖက်ကမ်း ဧရာဝတီတိုင်း မြန်အောင်မြို့ ကြာနီကန်ရပ်ကွက် မှာနေထိုင်တဲ့ အသက်(၆၇)နှစ်အရွယ် ဒေါ်စန်းမြင့်ဆိုသူဟာ အမျိုးသမီးရောဂါနဲ့ ပြည်မြို့ဆေးရုံကြီးမှာ  တက်ရောက်ကုသနေရင်းက  ကိုဗစ် ပိုး ကူး စက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသူဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ဒီကနေ့ မနက်ပိုင်းမှာသေဆုံးခဲ့ပြီး ကိုဗစ်ပိုးရှိသူနဲ့ထိတွေ့ထားတဲ့ လူနာစောင့်တွေကို ကျန်း မာရေးစောင့်ရှောက်မှုပေးတာ၊ကိုဗစ်ကူးစက်ခံထားရတာရှိမရှိ စစ်ဆေးမှုမရှိတာ၊စောင့်ကြည့်ကုသမှုမရှိတာ တွေ ကြောင့် နေရပ်က ဒေသခံတွေစိုးရိမ်နေကြတာလို့ဆိုပါတယ်။

“လူနာစောင့်တွေက ချက်ချင်းပြန်လာနေပြီကြားလို့ ရပ်ကွက်ထဲမှာတော့ လူကြီးတွေနဲ့တိုင်ပင်နေတယ်၊ ကျန်းမာ ရေးဌာနကိုလည်း အကြောင်းကြားထားတယ်၊ သူတို့ဘက်ကတော့ ဘာအစီအစဉ်မှ မရှိသေးဘူး၊ ပြန်လာတဲ့ သူ တွေက ရောဂါပိုးရှိမရှိလည်း မစစ်ရသေးတော့ ရပ်ကွက်ထဲ ဒီတိုင်းပြန်လာနေမယ်ဆို အဆင်မပြေဘူးလေ၊ ဘာ လုပ်ရမယ်ဆိုတာ အခုထိ ဆုံးဖြတ်ချက်မချရသေးဘူး”လို့ မြန်အောင်မြို့ ကြာနီကန်ရပ်ကွက်အတွင်းနေထိုင်သူ တဦးကပြောပါတယ်။

ကိုဗစ်ပိုးတွေ့ရှိပြီးနောက် သေဆုံးသွားတဲ အမျိုးသမီးကိုတော့ ပြည်မြို့က အေးငြိမ်းရာ သုသာန်မှာ ဒီကနေ့မနက် ပိုင်းကပဲ မြို့ခံ လူမှုကူညီရေးအဖွဲ့က သင်္ဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ကိုဗစ်(၁၉)ရောပိုးကူးဆက်ခံရသူနဲ့သံသယ လူနာတွေကို စောင့်ကြည့်ကု သမှု တွေ ထိထိရောက်ရောက်လုပ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ စနစ် တ ကျ ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်နေတာမရှိတော့ဘူးလို့ ဝေဖန်တာတွေလည်းရှိ နေပါတယ်။

လက်ရှိပြည်တွင်းမှာ သင်္ကြန်ပွဲတော်ကာလ နောက်ပိုင်းကစလို့ ကိုရိုနာ ဗိုင်းရပ် မျိုးကွဲအသစ်တခုဖြစ်တဲ့ Arcturus ပိုး ကူးစက်ခံရသူတွေမြင့်တက်နေပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်အထိ ကိုဗစ်ကူးစက်ခံရသူ (၂၀၁)ဦးရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလဆန်းမှာလည်း တရက်တည်း ကိုဗစ်ပိုးကူးစက်ခံထားရသူ တရာကျော် စစ်ဆေးတွေ့ရှိထား တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၁၀၀၀)ကျော်ကို ပြီးခဲ့တဲ့ ၂၄နာရီအတွင်း စစ်ဆေးခဲ့ရာမှာ ကိုဗစ်ပိုးရှိသူ (၁၀၆)ဦးတွေ့ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ကိုဗစ်ရောဂါနဲ့ သေဆုံးသူထပ်တိုးလာတာမရှိဘူးလို့လည်း စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာန ကဖော်ပြပါတယ်။အဲ့ဒီဌာနရဲ့ လက်ရှိအထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့သေဆုံးသူ နှစ် သောင်းနီးပါးရှိနေပြီး ကူးစက်ခံခဲ့ရသူ စုစုပေါင်း (၆၃၀၀၀၀)ကျော်အထိရှိနေပါတယ်။