မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

မေ၊ ၁

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားပြီး နိုင်ငံရေးနည်းအရ စေ့စပ် ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်အောင် ကူညီသင့်တယ်လို့ ပြောကြားသွားကြောင်း တရုတ် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်နဲ့ မေလ ၁ ရက်က ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ချင်ရဲ့ အဲဒီ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဟေဇာက မြန်မာနိုင်ငံရဲ့ အရေးကို မြန်မာနိုင်ငံကပဲ ဦးဆောင် ဖြေရှင်းသင့်ပြီး အထူးသဖြင့် မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒကို အဓိက လေးစားပေးသင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှု လမ်းကြောင်းတွေ ဖော်ထုတ်နိုင်ခဲ့မယ် ဆိုရင် အတိတ်ကို ပြန်မပြင်နိုင်တော့ပေမယ့် အနာဂတ်အတွက် ကွဲပြားခြားနားတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ လိုတယ်လို့ ဟေဇာက ချန်ကို ပြောခဲ့ပါတယ်။

 ချင်က တရုတ်ဟာ တခြားနိုင်ငံ အားလုံးထက်ပိုပြီး အိမ်နီးချင်း မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနေတာကို လိုလားကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နောက်ခံ အခြေအနေတွေဟာ ရှုပ်ထွေးလွန်းနေပြီး မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက်​ပေးခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားပေးပြီး မြန်မာ့ နိုင်ငံရေး နယ်ပယ်ထဲက အင်အားစု အသီးသီးကို ကူညီပေးဖို့၊ အမြင်ကွဲမှုတွေကြားမှာ ပေါင်းကူးပေးပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပြန်စတင်နိုင်အောင် နိုင်ငံရေး ဆွေးနွေးမှုတွေကနေတဆင့် ဖွဲ့စည်းပုံ ဥပဒေ၊ တရားဥပဒေ မူဘောင်တွေထဲကနေ ပံ့ပိုးပေးသင့်တယ်လို့ တရုတ် ဝန်ကြီးက မှတ်ချက် ပေးခဲ့ပါတယ်။

 ဒါပေမဲ့ ချင်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ကမ်းကုန်အောင် ရက်စက်မှုတွေ ကျူးလွန်နေတာ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေကိုတော့ ထည့်ပြောသွားတာမျိုး မရှိပါဘူး။ သူက မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ဟေဇာရဲ့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ အားထုတ် ကြိုးစားမှုတွေကို ဆက်လက် အကူအညီ ပေးသွားလိုတယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

 ဟေဇာက ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးမှာ တရုတ်ရဲ့ အားထုတ် ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုကြောင်း တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ရေး ကဏ္ဍတွေမှာ တရုတ်က အပြုသဘောနဲ့ ဆက်လက် ကူညီဖို့ မျှော်လင့်တယ်လို့ ပြောကြားသွားပါတယ်။

 ချင်က နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ့အရေး အဖြေရှာ ဆွေးနွေးဖို့အတွက် အာဆီယံ အဖွဲ့က ညှိနှိုင်းသတ်မှတ်ပြီး အကောင်အထည် ဖော်နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစား ထောက်ခံပေးသင့်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အဲဒီ အာဆီယံ ဘုံသဘောတူညီချက်တွေကို လုံးဝ အလေးမထားဘူးဆိုတာ ပေါ်လွင်နေသလို အာဆီယံရဲ့ အစီအမံတွေဟာ စတင်သတ်မှတ်ချိန် ကတည်းက သေဆုံးနှင့်နေပြီလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ အများအပြားက သုံးသပ်ထားကြပါတယ်။