တိုက်ပွဲမှာကျဆုံးတဲ့စနိုက်ပါ ရဲဘော်တဦးအလောင်းခုနှစ်လအကြာမှပြန်တွေ့

မေ၊ ၁

ကရင်နီပြည်နယ်(ကယားပြည်နယ်)၊လွိုင်ကော်မြို့က ကုန်းသာတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ရှမ်းတောင် ၁၀၀၈ တပ်ရင်း (SSRY) က အသက်၃၀အရွယ်ကိုသန်းဇော်(ခ)စနိုက်ပါရဲဘော်အယ်ဘီရဲ့ ရုပ်အလောင်းကို ၇လအကြာမှာ ပြန်လည်ရရှိခဲ့ပြီး ခေါင်းကို ဓါးနဲ့ ထိုးသွင်းဒဏ်ရာနဲ့ ကျည်ဆန်ရာတွေ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ 

“ခွေးတွေက ခေါင်းတွေကို ဓါးနဲ့ ထိုးခဲ့တဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်ဗျ။ အထဲမှာ ကျည်ခံတွေလည်း တွေ့ရတယ်ဆိုတော့ ထပ်ပြီးတော့ ပစ်သတ်ခဲ့တဲ့ သဘောပဲဗျ။ သူတို့က လက်နက်ပဲ ကောက်သွားတယ်။ အလောင်းကို ဒီအတိုင်းပဲ ပစ်ထားခဲ့တာပါ။ သူတို့က အဲဒီအနားမှာ တပ်စွဲထားတဲ့အခြေအနေကြောင့် ဒီလောက်ထိ ကြာသွားပြီးတော့ အလောင်းကို ပြန်မရခဲ့တာပေါ့နော။ အခုအခြေအနေမှာ နယ်မြေနင်းလို့ ရတဲ့အခြေအနေမှာနင်းလိုက်တော့ ရုပ်အလောင်းကို ပြန်ရခဲ့တာပါ” ရှမ်းတောင် ၁၀၀၈ တပ်ရင်း (SSRY)မှ တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ 

၂၀၂၂ ခုနှစ် ၊အောက်တိုဘာလ ၂၁ရက်က လွိုင်ကော်၊ ကုန်သားရွာအနီးမှာ ကရင်နီအမျိုးသားများတပ်ဖွဲ့တပ်ရင်း ၂ (KNDF BO-2)နဲ့ ရှမ်းတောင် ၁၀၀၈ တပ်ရင်း (SSRY)တို့ ပူးပေါင်းလုပ်တဲ့ မစ်ရှင်းတခုမှာ စနိုက်ပါရဲဘော် အယ်ဘီကျဆုံးခဲ့တာဖြစ်ပါတယ်။ 

 ဒီနှစ် ဧပြီလ ၂၆ ရက်က ကရင်နီအမျိုးသားများတပ်ဖွဲ့တပ်ရင်း ၂ မှ အဲဒီဒေသကို နယ်မြေရှင်းလင်းစဉ် ကိုအယ်ဘီရဲ့ အလောင်းကို ပြန်တွေခဲ့ပြီး ရှမ်းတောင် ၁၀၀၈ တပ်ရင်း (SSRY)နောက်တန်းကို ဒီနေ့ ရောက်ရှိလာတဲ့အတွက်စစ်အခမ်းအနားနဲ့သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ 

“သူကျသွားတော့ သူနဲ့ တပ်စိပ် တစိတ်ထဲက ရဲဘော်တွေက သူကျသွားတဲ့ နေရာကိုလည်း သိထားတယ်။ အလောင်းပြန်တွေ့တဲ့ အချိန်မှာတော့ အဲဒီနေရာမှာပဲ ရှိသေးတာပေါ့နော်။ ဒီရုပ်အလောင်းကို သူ့ဆိုပြီ အတည်ပြုပေးနိုင်တဲ့ အကြောင်းအရင်းက  သူ့အရပ်အမောင်းရယ်၊ သူ့ဦးခေါင်းခွံအခြေအနေရယ်၊ ကျသွားတဲ့ နေရာမှာကလည်း သူတယောက်ထဲ ကျသွားတာဆိုတော့ သူပဲဖြစ်နေတာပေါ့နော်။ ဘတ်တံဆိပ်ကလည်း ကျနော်တို့ တပ်ရင်း ဘတ်တံဆိပ်ပါတယ်ဗျ။ ၇လကြာပြီးဆိုတော့ အလောင်းက လေနဲ့ နေနဲ့ မိုးနဲ့ ဒီလိုပဲ ပျက်စီးသွားတာပေါ့နော”လို့  သူက ပြောပါတယ်။ 

ရှမ်းတောင် ၁၀၀၈ တပ်ရင်း (SSRY)ထဲကို စနိုက်ပါရဲဘော် အယ်ဘီဟာ သူ့ညီနဲ့ သူ့အစ်ကိုတို့နဲ့အတူ တစ်ပြိုက်နက်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၇ ရက် မိုဗြဲတိုက်ပွဲမှာ ညီအငယ်ဆုံး ကျဆုံးသွားခဲ့သလို ရုပ်အလောင်းကို ဒီကနေ့အထိ ပြန်မရခဲ့ပါဘူး။ 

“အခုက အကြီးဆုံးတစ်ဦးပဲအသက်ရှင်ကျန်နေတယ်ဗျ။ ရဲဘော်အယ်ဘီက ထူးချွန်တဲ့စနိုက်ပါသမားပါပဲ။ စိတ်ထားပြည့်ဝပြီး အမိန့်နာခံတဲ့ရဲဘော်ပါ။ ကျနော့် အနားမှာ ၆လလောက်စနိုက်ပါ သင်တန်းလာတက်ထားတဲ့ရဲဘော်ပါ။  တကယ်တော်ပြီး တကယ်လိမ်မာတဲ့ရဲဘော်ကိုဆုံးရှုံးခိုက်ရတာပါ”လို့ ရဲဘော်အယ်ဘီနဲ့ အတူ တိုက်ပွဲဝင်ဖူးတဲ့ အဆိုပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။ 

ကရင်နီပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာ (၅) ခုဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ကရင်နီပူးပေါင်းတပ်တွေကလည်း ခုခံတိုက်ခိုက်နေရာ စစ်ကောင်စီဘက် အကျအဆုံးများနေသလို လက်နက်ခဲယမ်းတွေ မကြာခဏသိမ်းဆည်းရမိလျက်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။