ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လေးလအတွင်း လေကြောင်းတိုက်ခိုက်အကြိမ်ရေ မနှစ်က နီးပါးရှိ

မေ၊ ၁
 
ကရင်နီပြည်နယ် (ကယားပြည်နယ်)မှာ စစ်ကောင်စီဟာ ဒီနှစ်လေးလအတွင်း လေကြောင်းသုံးတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တနှစ်လုံးက လေကြောင်းတိုက်ခိုက်မှု အကြိမ်နီးပါးခန့် ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
 
“၂၀၂၃ မှာမှ အထူးသဖြင့် မတ်လနဲ့ ဧပြီလမှာ စစ်ကောင်စီက လေကြောင်းကနေ တိုးပြီး တိုက်ခိုက်လာတာကို တွေ့ရတယ်။ တိုက်ပွဲမဖြစ်တဲ့ ဒေသတွေမှာလည်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်ဆိုတော့ အဓိကက စစ်ကောင်စီက ဒီကာလမှာ အကျအဆုံးတွေများလို့ တချို့နယ်မြေတွေကို သူတို့မထိန်းနိုင်တော့လို့ မြေပြင်စစ်အင်အားမှာ အားမရှိတော့လို့ လေကြောင်းကို ပိုသုံးလာတာဖြစ်တယ် ” လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
 
ဒီနှစ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုဟာ ၂၀၂၃ ခုနှစ် လေးလပတ်မှာ ၁၇၉ ကြိမ်ခန့် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တနှစ်လုံးမှာ ၁၈၂ ကြိမ်ခန့်သာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
အာဏာသိမ်းမှု စတင်တဲ့ ကာလကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ကရင်နီပြည်နယ်မှာ အရပ်သားပြည်သူ သေဆုံးတာ ၃၁၈ ဦး မှာ ၂၂ ဦးနဲ့ စစ်ဘေးရှောင်နေရင်း သေဆုံးတာ ၁၃၄ ဦးမှာ ၁၀ ဦးဟာ ဒီနှစ်လေးလပတ်အတွင်း သေဆုံးခဲ့တာဖြစ်တယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ မတရာဖမ်းဆီးခံရတဲ့ အရပ်သား ၂၇၉ ဦး ရှိခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေအရ သိရပါတယ်။
 
“ ပြည်သူသေဆုံးတာက သပ်သပ်၊ စစ်ရှောင်ပြည်သူ သေတာက သပ်သပ်ပေါ့နော်။ စစ်ရှောင်ပြည်သူတွေက စစ်ရှောင်စခန်းမှာပဲ ဆေးဝါးမရှိလို့ သေဆုံးရတာ၊ လက်နက်ကြီးထိမှန်လို့ သေဆုံးရတာတွေ ပါဝင်ပါတယ်။ သေဆုံးသွားတဲ့ ပြည်သူစာရင်းမှာဆိုရင် ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လက်နက်ကြီးကျလို့ သေဆုံးရတာတွေရှိတယ်။ လက်နက်ကြီးထိမှန်လို့ သေဆုံးတာမှ နှစ်ပိုင်းရှိပေမယ့် မတူဘူးပေါ့နော် ” လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။
 
ကရင်နီပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီက သေဆုံးသူ ၁၉၉၀ ကျော်ဦး ရှိခဲ့သလို အဲဒီထဲက ၄၃၂ ဦးမှာ ဒီနှစ်လေးလပတ်အတွင်းက သေဆုံးခဲ့တာဖြစ်ပြီး ကရင်နီပူးပေါင်းတပ်တွေက ၂၅၉ ဦး ကျဆုံးခဲ့သလို အဲဒီထဲက ၄၈ ဦးမှာ ဒီနှစ်ထဲ သေဆုံးခဲ့တာဖြစ်ပါတယ်။
 
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ယာဉ်အစီးရေ ၆၀ ကျော်ကို တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ကရင်နီပြည်နယ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
 
ကရင်နီပူးပေါင်းတပ်တွေကလည်း ခုခံတိုက်ခိုက်နေရာ စစ်ကောင်စီဘက်က အကျအဆုံးများနေသလို လက်နက်ခဲယမ်းတွေ မကြာခဏသိမ်းဆည်းရမိလျက်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
 
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကနေ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၆၀ ကျော်ဖြစ်ပွားခဲ့သလို ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံ ၃၄ လုံးရှိနေပြီး အရပ်သားပြည်သူ နေအိမ်ပျက်စီးမှုမှာ ၁၄၀၀ ကျော် ရှိနေပါတယ်။
 
ဒါ့အပြင် တနိုင်ငံလုံးမှာ စစ်အာဏာသိမ်းအလွန်ကာလ စစ်ရှောင်ပေါင်း ၂,၆၉၄,၅၆၇ ဦးရှိပြီး ကရင်နီပြည်နယ်က ၂၄၁,၃၅၀ ဦးပါဝင်နေပါတယ်။
 
ဒီလိုမျိုး စစ်ကောင်စီတပ်က အရပ်သားပေါ်ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို နိုင်ငံတကာမှာ တရားစွဲဆိုမှုတွေ ပြုလုပ်နေသလို စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအချက်အလက်တွေကိုလည်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေထံ ပုံမှန်တိုက်ရိုက်ပေးပို့နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
 
“လက်ရှိမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Independent Investigative Mechanism For Myanmar (IIMM)ကို အချက်အလက်တွေမျှဝေပေးနေတယ်။ အချက်အလက်ဖလှယ်ဖို့လည်း ရှိပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ ဒါ့အပြင် တခြားသော နိုင်ငံတကာမှာ တရားစွဲနိုင်တဲ့ ပလက်ဖောင်းတွေ ရှာနေတာရှိတယ်၊ နိုင်ငံတခုမှာတော့ တရားစွဲထားတာရှိတယ်။ အခြေအနေတခုတော့ စောင့်ဆိုင်းနေတာပေါ့နော်။ တခြားနိုင်ငံတွေက Human Right အဖွဲ့အစည်းတွေနဲ့ အချက်အလက်မျှဝေတယ်။ အဓိက ကျူးလွန်ခြင်းခံခဲ့ရတဲ့ ပြည်သူတွေရဲ့အသံကို တိုက်ရိုက်ရယူပေးပို့နေတာရှိတယ်။ လုပ်တော့ လုပ်နေတာပေါ့။ အချိန်ကာလအားဖြင့် ကြာနိုင်တယ်ပေါ့နော် ” လို့ ပြောပါတယ်။
 
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်လောင်စာဆီမရရှိအောင် နိုင်ငံတကာကပိတ်ပင်ဖို့ အရေးတကြီးလိုအပ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီကို လေယာဉ်ဆီမရောင်းဖို့ နိုင်ငံတကာကို တောင်းဆိုထားတာလည်းရှိပါတယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်အရပ်သားတွေတိမ်းရှောင်နေတဲ့ နေရာကို မကြာခဏပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘယ်နေရာနေနေ လုံခြုံမှုမရှိတော့သလို ခံစားနေရတယ်လို့ ကရင်နီပြည်မှ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
 
” အခု ဘယ်မှာနေနေ ကြောက်နေရပါတယ်။ မနေ့ကလည်း တခါလေယာဉ်နဲ့ပစ်တယ်။ စစ်ရှောင်နေတဲ့ နေရာကအစ တိုက်ခံနေရတယ်။ ထပ်ရှောင်တဲ့နေရာလည်း ပစ်ခံရ။ ဘယ်မှာနေမှ လွတ်မြောက်မလဲ။ ဘုရားကျောင်းလည်း မကျန် ပစ်ခံနေရတာ၊ တခုပဲ ဆုတောင်းရမယ်ဆိုရင် အေးအေးချမ်းချမ်း မိသားစုနဲ့ နေချင်ပြီ ” လို့ ပြောပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ