လွတ်လပ်စွာအသင်းအဖွဲ့ဖွဲ့စည်းခွင့် လက်ခံကျင့်သုံးနေကြောင်း စစ်ခေါင်းဆောင်ပြောဆိုမှု အလုပ်သမားအဖွဲ့တွေဝေဖန်

မေ၊ ၁
 
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ပြဌာန်းချက်အမှတ် (၈၇)ဖြစ်တဲ့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို လက်ခံကျင့်သုံးနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီကနေ့အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြတာဟာ လိမ်လည်မှုသာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့တာဝန်ရှိသူတွေက ဝေဖန်လိုက်ပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအဖွဲ့အစည်းတွေ မတရားဖျက်သိမ်းခံရတာ၊ အလုပ်သမားသမဂ္ဂတွေဖြိုခွဲခံရတာ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုခွင့်မပေးတာတွေ လုပ်နေတဲ့ စစ်ကောင်စီအနေနဲ့ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းခွင့်ပေးထားတယ်ဆိုပြီး ပြောဆိုတာဟာ သူတို့လုပ်ရပ်ကို ဖုံးကွယ်လိုတဲ့သဘောသာဖြစ်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
” တကယ်လွတ်လပ်စွာနဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့လို့ရလား၊ မရလားဆိုတာ မြေပြင်မှာ သိသာပါတယ်၊ ရှိတဲ့သမဂ္ဂတွေဆိုရင်လည်း လွတ်လပ်စွာစည်းရုံးခွင့်၊ အလုပ်သမားအခွင့်အရေးတောင်းဆိုခွင့်တွေ မရတာ​ကြုံ​နေရတယ် ” လို့ သူကပြောပါတယ်။
 
မြန်မာနိူင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အဓမ္မစေခိုင်းမှုနဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေတယ်ဆိုပြီး ILO က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ်ဇွန်လက ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
 
အဲဒီလို ILO က စုံစမ်းစစ်ဆေးမှုတွေလုပ်နေချိန်မှာပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြဌာန်းချက်အမှတ် (၈၇) ကို လက်ခံကျင့်သုံးနေတယ်ဆိုပြီး ထုတ်ဖော်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားအဖွဲ့အစည်း ၃၀၁၅ ဖွဲ့၊ အလုပ်ရှင်အဖွဲ့ ၂၈ ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အဲဒီအဖွဲ့တွေနဲ့ ညှိနိူင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း ပြောပါသေးတယ်။
 
အဲဒီလို အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းခွင့်ပေးထားတယ်ဆိုပေမယ့် အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားအဖွဲ့တချို့ ဖျက်သိမ်းခံရသလို အလုပ်သမားအဖွဲ့ ၁၆ ဖွဲ့ထက်မနည်းက ပါဝင်သူတွေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကနေလွတ်အောင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေက ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီသြဇာခံ အလုပ်သမားအဖွဲ့တွေကိုသာ ဆက်လက်ရပ်တည်ခွင့်ပြုထားကာ နိူင်ငံတကာအမြင်မှာ အလုပ်သမားအဖွဲ့တွေနဲ့ ပူးပေါင်း​ဆောင်ရွက်မှုရှိနေတယ်ဆိုပြီး ပုံဖော်ပြနေတယ်လို့ သူတို့ကပြောပါတယ်။
 
” လက်ရှိမှာ စစ်ကောင်စီအလိုကျ ဖွဲ့ထားတဲ့ သမဂ္ဂတွေနဲ့ အလုပ်သမားအဖွဲ့ချုပ်တွေပဲ ပြည်တွင်းမှာ ရပ်တည်လှုပ်ရှားလို့ရနေတာ၊ ဒါကိုပဲ စစ်ကောင်စီက သူတို့အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းခွင့်ပြုထားပါတယ်ဆိုပြီး ကာဗာလုပ်နေတာ ” လို့ အခြေခံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် မကြာခင်ကပြင်ဆင်ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရလည်း အသင်းအဖွဲ့တွေ ပြန်လည်မှတ်ပုံတင်ခိုင်းတာ၊ မှတ်ပုံတင်ဖို့ သတ်မှတ်ချက်တွေ တင်းကျပ်ထားတာတွေကြောင့် စစ်ခေါင်းဆောင်ရဲ့ ပြောစကားဟာ ရှေ့နောက်မညီဘူးလို့ STUM တာဝန်ရှိသူက ဆိုပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီက လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်မှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းစစ်ဆေးတာ၊ အချက်အလက်ပြုစုတာတွေ လုပ်နေကာ မကြာခင်ပြုလုပ်မယ့် ILO ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တွေ့ရှိချက်အစီရင်ခံစာ တင်သွင်းဖို့ရှိနေပါတယ်။
 
ဒီအစီရင်ခံစာအပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် ILO အနေနဲ့ အရေးယူမှုလုပ်လာဖို့ရှိနေပြီး ထိရောက်တဲ့ အရေးယူမှု ဖြစ်၊ မဖြစ် ဆိုတာကိုတော့ စောင့်ကြည့်သွားရမယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media
ပုံစာ – အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတခုကို ၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ ပြုလုပ်နေစဥ်